ဟူသီသူပုန်တွေက ပင်လယ်နီမှာ ကုန်သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်နေတဲ့အတွက် အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီး သူတို့ကို အထောက်အပံ့ပေးနေတာ ရပ်ဆိုင်းဖို့ အီရန်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဘာရိန်းရှိ သတင်းထောက်တွေကို ဇန်နဝါရီ ၁၀ ရက်မှာ ပြောကြားခဲ့တာပါ။
လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်တို့မှာ အစ္စရေးရဲ့ မဟာရန်သူတော်ကြီး အီရန်ကို ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေက တပေါင်းတစည်းတည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြတာကြောင့် ဒေသအနှံ့ အကြမ်းဖက်မှုတွေ ပြန့်ပွားလာမှာကို ဝါရှင်တန်က စိုးရိမ်နေပါတယ်။
ယီမင်နိုင်ငံမှာ နေရာအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက ပင်လယ်နီရဲ့ နှုတ်ခမ်းလို့ဆိုတဲ့ ရေပြင်နေရာတလျှောက်မှာ ကမ္ဘာ့အလုပ်အများဆုံး သင်္ဘော လမ်းကြောင်းတွေထဲက တခုကို တိုက်ခိုက်နေတာကြောင့် ဝါရှင်တန်ဟာ ကာကွယ်ရေးအတွက် စစ်သင်္ဘောတွေကို စေလွှတ်နေရပါတယ်။
စစ်ပွဲစတင်ချိန်ကတည်းက ဒေသတွင်းကို သူ့ရဲ့ စတုတ္ထမြောက်ခရီးစဉ် သွားရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဗုဒ္ဓဟူးနေ့က ရာမာလာကို သွားရောက်ခဲ့ပြီးတော့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ဥက္ကဋ္ဌ မာမွတ် အက်ဘာ့စ် အပါအဝင် ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အုပ်ချုပ်မှုအာဏာနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ဟာ အနောက်ဘက်ကမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကန့်သတ်ကျင့်သုံးပြီးတော့ အစ္စရေးရဲ့ တည်ရှိမှုကို လက်ခံထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်တွေရဲ့လက်ထဲ အုပ်ချုပ်မှု ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဘလင်ကန်ဟာ ပါလက်စတိုင်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါဇာရှိ အရပ်သားတွေကို ကာကွယ်ရေးနဲ့ ထောက်ပံ့ကူညီဖို့ ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့တဲ့အပြင် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ရဲ့ “အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ” လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့ပါတယ်။
ဘယ် ပါလက်စတိုင်းတွေကိုမှ ဂါဇာ သို့မဟုတ် အနောက်ဘက်ကမ်းကနေ မရွှေ့ပြောင်းခိုင်းသင့်ကြောင်း အက်ဘာ့စ်က ဘလင်ကန်ကို ပြောကြားခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters