စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့လက်ချက်ကြောင့် ၁ နှစ်အတွင်း အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ဖမ်းဆီးခံခဲ့ရကာ နေအိမ် ၄၃၃ လုံး မီးရှို့ခံထားရတယ်လို့ ကူကီးကျောင်းသားဒီမိုကရစ်တက်တပ်ဦးရဲ့စာရင်းအရ သိရပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ဒီဇင်ဘာလအထိ တမူးခရိုင်မှာ ၁ နှစ်အတွင်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ကျူးလွန်မှုကို စာရင်းပြုစုကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ ကူကီးကျောင်းသားအဖွဲ့က ဆိုပါတယ်။
တမူးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းပြီးကတည်းက စလုပ်ဆောင်နေတာဆိုတော့ အခုချိန်ကတော့ ဒါကမထူးဆန်တော့ဘူး။ ကျနော်တို့ကာကွယ်ရေးတပ်ဘက်ကတော့ စစ်ကောင်စီ ကို အစွမ်းကုန်တော်လှန် တိုက်ခိုက်သွားဖို့ပဲ ရှိပါတယ်။ ဒါမှသာ ပြည်သူတွေလည်း အခုလို သေကျေမှုတွေ မရှိတော့မှာ"လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ နေအိမ်မီးရှို့တာနဲ့ အရပ်သားတွေ သတ်ဖြတ်မှုအပေါ် မိမိတို့ အဖွဲ့အစည်းတွေက လုပ်ဆောင်ခြင်းမရှိကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ လုပ်ရပ်သာဖြစ်ကြောင်း အမြဲလိုစွပ်စွဲလေ့ရှိပါတယ်။
အခုနှစ် ဇန်နဝါရီ ၇ ရက်ကလည်း စစ်ကောင်စီက တမူးမြို့နယ် ကာနန်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှစ်ကုန်အထိ စစ်ကောင်စီကြောင့် နိုင်ငံတဝန်းကအရပ်သား ၄၂၇၃ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။