အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအိုကစ်တီကွန်ဟာ ဇန်နဝါရီ ၁၀ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဆီယံ အထူးကိုယ်စားလှယ် ကစ်တီကွန်ကို မနေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တွေ့ဆုံရာမှာ ၂၀၂၄ ခုနှစ်၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် လာအိုနိုင်ငံက တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် မယ့်လုပ်ငန်းများကိစ္စ၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပေါ် စစ်ကောင်စီက ချမှတ်ဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်း စဉ်တွေနဲ့ ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း နေပြည်တော်ရှိ PARK ROYAL ဟိုတယ်မှာ သီးခြားတွေ့ဆုံခဲ့ပြီး အာဆီယံတူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိဖို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ လက်ရှိ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့လည်းမနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
အခု ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ လာအိုနိုင်ငံဟာ မြန်မာ့အရေး ပထမဆုံး ကြိုးပမ်းတဲ့အနေနဲ့ မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ ဝါရင့်သံတမန် အာဆီယံ အထူးကိုယ်စားလှယ် အာလွန်ကဲအိုကစ်တီကွန်ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဧပြီလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။
ဒီအဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်တာမရှိသလို တချက်မှ အကောင်အထည်ဖော်နိုင်ခြင်း မရှိတဲ့အတွက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးပဲ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
Photo-DSINFO