ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီ တပ်မ ၁၀၁ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက နမ့်ဆန်ဒေသဖြစ်စဉ်တွေအပေါ်မှာ တာဝန်ခံလိုက်ပြီး ဒေသခံပြည်သူတွေ၊ တော်လှန်ရေးအဆက်ဆက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေကို ဝန်ချတောင်းပန်လိုက်ပါတယ်။
သူပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို တအာင်းတပ်မတော် PSLF/TNLA ဒီနေ့ ဇန်နဝါရီ ၁၀ ရက် ညနေမှာ ထုတ်ပြန်လာတာဖြစ်ပြီး သူဟာ နမ့်ဆန်စခန်းကုန်းကနေ ထွက်ပြေးနေတုန်း ဒီဇင်ဘာ ၁၅ ရက်မှာ သူနဲ့ အရာရှိတွေအပါအဝင် တအာင်းတပ်မတော်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
“ကျနော်တို့အနေနဲ့ ဒေသပြည်သူလူထုနဲ့ နေအိမ်တွေအပေါ်မှာ ထိခိုက်ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်းကိုတော့ ကျနော့်အနေနဲ့ ဝန်ခံပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှုတွေဟာ တချို့ဟာတွေမှာ ပစ်မှတ်တွေအပေါ်မှာ တိကျမှု မရှိခြင်းကြောင့် ပျက်စီးတယ်လို့ ဒီလို ထိခိုက်ဒဏ်ရာရတယ်လို့ ကျနော့်အနေနဲ့ ရိုးသားစွာ ဝန်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဒေသမှာ တာဝန်ထမ်းဆောင်တဲ့ ကျနော့်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသမှာ နေထိုင်တဲ့ တအာင်းပြည်သူတွေ၊ ပြည်သူလူထုအားလုံးကို ကျနော့်အနေနဲ့ ဝန်ချတောင်းပန်လိုကြောင်း ပြောလိုပါတယ်။”
ရောက်ရှိချိန်ကတည်းကနေ နမ့်ဆန်ဒေသ ဖြစ်စဉ်မပါဘဲ လက်နက်ကြီးပစ်ခတ်ခဲ့ရတာ ၂ ကြိမ် ရှိတယ်လို့ သူက ပြောပြီး သူတို့အနေနဲ့ လေယာဉ်တောင်းခံလို့ မရဘဲ အထက်ဌာနကိုတင်ပြပြီး ပစ်ကူတောင်းချိန်မှာ တိုင်းအဆင့်ကနေ လေယာဉ်ပစ်ကူ လွှတ်တာမျိုးပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ကြမ်းတမ်းရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်တာ၊ အကျဉ်းချတာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ လူထုကို ပစ်ခတ်တာ စတဲ့ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကျန်စစ်ခေါင်းတွေအနေနဲ့ အခုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ရပ်တန့်ပေးဖို့ သူက တောင်းဆိုပါတယ်။
ပြီးတော့ “ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲလို တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့ ဒီနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများအနေနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက်ကို လွတ်မြောက်ရေးတိုက်ပွဲ ဝင်နေကြတာရှိပါတယ်။ အဲလို တိုက်ပွဲဝင်ရင်းနဲ့ ကျဆုံးသွားခဲ့တဲ့ တိုင်းရင်းသားပြည်သူတွေကို ကျနော့်အနေနဲ့ တောင်းပန်ပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို မလိုလားလို့ နွေဦးတော်လှန်ရေးအသွင်နဲ့ တနိုင်ငံလုံးက ပြည်သူလုထုပေါင်းစုံအနေနဲ့ လူထုတိုက်ပွဲဝင်နေကြတာရှိပါတယ်။ အဲဒီမှာလည်း ပုံစံအမျိုးမျိုးနဲ့ ကျဆုံးသွားခဲ့တဲ့ အပြစ်မဲ့ တိုင်းရင်းသားပြည်သူအားလုံး တနိုင်ငံလုံးက လူထုကို ကျနော့်အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ ဝန်ချတောင်းပန်ပါကြောင်း ပြောလိုပါတယ်” လို့ ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကြောင့် နိုင်ငံဟာ နာလန်မထူနိုင်ဘဲ ကမ္ဘာ့အလယ်မှာလည်း မျက်နှာမဖော်နိုင်ဖြစ်နေပြီး ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် တပ်ရင်းတပ်ဖွဲ့ နေရာ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်တပ်က အရာရှိ အရာခံ အကြပ်စစ်သည်တွေအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီးတော့ ပြည်တွင်းစစ်ကို ဆင်နွှဲနေမဲ့အစား ပြည်သူ့အကျိုးကို ငဲ့ပြီးတော့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း သူက ပန်ကြားလိုက်ပါတယ်။
အသက် ၄၈ နှစ်ရှိပြီး ပုသိမ်ဇာတိဖြစ်တဲ့ ဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာ ၁၉၉၅ က ဗိုလ်လောင်းသင်တန်းကိုတက်ခဲ့ပြီး စစ်တပ်မှာ အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၂ ခုနှစ်မှာ တပ်မ ၁၀၁ ရဲ့ တပ်မမှူး ဖြစ်လာခဲ့ပါတယ်။