လက်ဘနွန်နိုင်ငံဟာ အစ္စရေးနဲ့ တောင်ပိုင်းနယ်စပ်မှာ ရေရှည်တည်ငြိမ်ရေး ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ လက်ဘနွန် အိမ်စောင့်အစိုးရဝန်ကြီးချုပ် နာဂျစ်ဘ်မစ်ခါတီက ကုလသမဂ္ဂ အကြီးတန်းအရာရှိကို ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေးဆိုင်ရာ စစ်ဆင်ရေးအတွက် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် ယွန်းပြဲ လတ်ခွာနဲ့ လက်ဘနွန်မြို့တော် ဘေရွတ်မြို့မှာ တွေ့အပြီး ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန် ခဲ့တာပါ။
အစ္စရေးနဲ့ နယ်စပ်တလျှောက် လက်ဘနွန်တောင်ပိုင်း ရေရှည်တည်ငြိမ်ရေးရဖို့ ညှိနှိုင်းရာမှာ လက်ဘနွန်က အဆင်သင့်ဖြစ်နေပြီဆိုတာ ထပ်လောင်းပြောဖို့ တွေ့ခဲ့တာလို့ ကြေညာချက် က ဆိုပါတယ်။
မစ်ကာတီက “အမြဲတမ်း တည်ငြိမ်မှုရဖို့ ကြိုးစားနေပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ တောင်းဆိုပါတယ်၊ ဒါပေမဲ့ လက်ဘနွန်စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာ သံတမန်တွေကနေ တဆင့် သတိပေးချက်တွေကို ကျနော်တို့ လက်ခံရရှိပါတယ်”လို့ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးကို အောက်တိုဘာလမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန် တောင်ပိုင်း နယ်စပ် တလျှောက်မှာ အစ္စရေးစစ်တပ်ကို ပစ်ခတ်ခဲ့ပါတယ်။
နယ်စပ်အကြမ်းဖက်မှုတွေကြောင့် နှစ်ဖက်စလုံးက သောင်းနဲ့ချီတဲ့လူတွေ ထွက်ပြေးခဲ့ကြရပြီး ပဋိပက္ခတွေ အတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
မစ်ကာတီရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံ ဖျန်ဖြေတာအပါအဝင် လက်ဘနွန်က လမ်းဖွင့်ပေးမယ့် စေ့စပ်ညှိနှိုင်းမှု အမျိုးအစားကို မဖော်ပြထားပါဘူး။
Source/Photo - Reuters