မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား လက်နက်အလွှဲအပြောင်းလုပ်နေတဲ့ကိစ္စတွေကို ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်ကို ဇန်နဝါရီ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ကြေညာခဲ့ပါတယ်။
ဂျွန်ကာဘီက“ဒီနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ဥရောပသမဂ္ဂ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ နိုင်ငံပေါင်း ၄၇ နိုင်ငံက နိုင်ငံခြားရေး၀န်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ လက်နက်တင်ပို့မှုနဲ့ ရုရှားရဲ့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရေးအပြင် ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေကို အသုံးပြုခဲ့တာတွေကို ရှုတ်ချတဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ကြောင်း ကြေညာလိုက်ပါတယ်”လို့ ပြောသွားတာပါ။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားကနေ ဝယ်ယူတာနဲ့ ဒီဇင်ဘာ ၃၀ ရက်နဲ့ ဇန်နဝါရီ ၂ ရက်တို့က မော်စကိုက ယူကရိန်းအပေါ် ဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက တုံ့ပြန်လိုက်တာပါ။
အဲဒီလို လက်နက်တွေ လွှဲပြောင်းမှုဟာ ယူကရိန်းပြည်သူတွေရဲ့ ဒုက္ခကို တိုးမြင့်စေပြီး ရုရှား ရဲ့ကျူးကျော်စစ်ကို ပံ့ပိုးပေးတဲ့အပြင် ကမ္ဘာလုံးဆိုင်ရာ နျူလက်နက် မပြန့်ပွားရေးစနစ်ကို ပျက်ပြားစေတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ဒီလက်နက်လွှဲပြောင်းမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အစိုးရတွေက တညီတညွတ်တည်း ရပ်တည်နေပါတယ်လို့လည်း ဂျွန်ကာဘီ က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဆီကနေ ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားနိုင်ငံက အလွှဲအပြောင်း လုပ်နေတာဟာ ကုလသမဂ္ဂလုံခြုံရေး ဆုံးဖြတ်ချက် အများအပြားကို တိုက်ရိုက်ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ ရုရှားက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ထပ်ပြီး ချိုးဖောက်မှုအတွက် တာဝန်ယူပေးဖို့ တောင်းဆိုကြောင်းလည်း ပြောဆိုပါတယ်။
ဒီလက်နက်လွှဲပြောင်းမှုတွေကို လွယ်ကူချောမွေ့စေဖို့ လုပ်ဆောင်နေသူတွေကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက်ချမှတ်ပြီး အဲဒီ လက်နက်သဘောတူညီချက်တွေကို ဖော်ထုတ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုံးကျည်နဲ့ UAV တိုက်ခိုက်မှုတွေအတွက် အထိရောက်ဆုံး တုံ့ပြန်မှု ဟာ ယူကရိန်းမှာ အရေးကြီးတဲ့ လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်တွေနဲ့ သူ့ရဲ့မြေပြင် အနေအထား၊ သူ့ပြည်သူတွေကို ခုခံကာကွယ်ရာမှာ လိုအပ်တဲ့ တခြားစစ်လက်နက် အမျိုးအစား တွေကို ပံ့ပိုးပေးဖို့ဖြစ်ပြီး အဲဒီလို လုပ်ဖို့ကလည်း ယူကရိန်းအတွက် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို ကွန်ဂရက်လွှတ်တော်က နောက်ထပ် မနှောင့်နှေးနေဘဲ အတည်ပြုပေးဖို့ လိုအပ်ပါတယ်လို့လည်း ဂျွန်ကာဘီက ပြောပါတယ်။
ဒီကြေညာချက်ကို အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ဂျာမနီ၊ ကနေဒါနဲ့ တခြားမိတ်ဖက်နိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။
မော်စကိုနဲ့ ပြုံယမ်း နှစ်နိုင်ငံစလုံးဟာ ဘာ လက်နက် အရောင်းအဝယ်မှ မလုပ်ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ ယူကရိန်းပဋိပက္ခ စတင်ကတည်းက ပိုပြီးနီးကပ်လာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီး ရုရှား ထိပ်တန်းအရာရှိတွေဟာ ပြုံယမ်းကို အကြိမ်ကြိမ် သွားရောက်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ မြောက်ကိုရီးယား ထုတ်ပေးတဲ့ တာတိုပစ်ပဲ့ထိန်း ဒုံးကျည် (SRBMs) ကို အသုံးပြုခဲ့တယ်လို့ ထောက်လှမ်းရေး အချက်အလက်သစ်တွေကို ကိုးကားပြီး ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်ကို ယူကရိန်း အကြီးပိုင်းအရာရှိတဦးကလည်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
Source/Photo - Reuters