ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့တို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
မင်းပြားမြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက် ၅ နာရီကျော်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေရတယ်လို့ မင်းပြားမြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “နှစ်ဖက် တိုက်ပွဲက ၅ နာရီလောက်မှာ စဖြစ်ကြတာ။ အသံတွေကတော့ ကျိန်းတောင်ဘက်က ကြားတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ရင်း ၃ ခုရှိတယ်။ ကျိန်းတောင်ထက်မှာ လည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတယ်။ ဘယ်တပ်ကို စတိုက်နေလဲ ဆိုတာတော့ မသိရသေးဘူး။ စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးပါ ပစ်နေတယ်” လို့ ပြောပါတယ်။
ကျိန်းတောင်အနီးမှာ ခမရ ၃၈၀၊ ခမရ ၅၄၁၊ ခမရ ၃၇၉ တို့ရှိပြီး အဲဒီဘက်မှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် မင်းပြားမြို့ ပြည်တော်လှ ရပ်ကွက်နဲ့ ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ် မင်းပြားမြို့ခံတဦးက ပြောပါတယ်။
“မြို့တွင်းမှာ လက်နက်ကြီးတွေ ကျတာကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိကြတယ်။ အရေအတွက် အတိကျတော့ မသိရသေးဘူး။ တိုက်ပွဲပြင်းထန်နေတာကြောင့် လူမှုကယ်ဆယ်ရေး လည်း လုပ်မရကြဘူး။ လက်နက်ကြီးက အခုထိ ပစ်နေတုန်းပဲ။”
မင်းပြားမြို့ ကျိန်းတောင်မှာ တပ်စွဲထားတဲ့ ခမရ ၅၄၁ က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၉ ရက် ည ၁၂ နာရီလောက်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်နေတာပါဗျ။ လက်နက်ကြီး လက်နက်ငယ်သံတွေကတော့ တညလုံး ဆူညံနေတယ်။ မင်းပြားအခြေစိုက် ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းတွေက လက်နက်ကြီးပစ်ကူတွေ ညလုံးပေါက်ပေးခဲ့ကာ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစင်း၊ Mi35 တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်။ ကိုယ့်ဘက်က ကလေးတွေကတော့ အခြေအနေ ကောင်းနေပါတယ်။ ကျိန်းတောင်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာပါ။ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ခုခံကြတယ်။”
မင်းပြားမြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအတွင်းကတည်းက စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်မှု ရှိခဲ့တဲ့အတွက် မြို့ခံအများစုမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး အနည်းစုသာ မြို့တွင်း ရှိတော့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှာလည်း ဇန်နဝါရီ ၁၀ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျတာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ ၂ ဦးကတော့ အပေါက်ဝဒေသခံ အမျိုးသား ၂ ဦးဖြစ်တဲ့ ဦးထွန်းချေနဲ့ ဦးဒမောင်တို့ ဖြစ်တယ်လို့ အပေါက်ဝရွာသားတဦးက ပြောပါတယ်။
“ကန်ဇောက်တောင်ဘက်ကနေ ပစ်တာ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ လက်နက်ကြီးပစ်တာ ၂ ယောက်ထိတယ်။ ၂ ယောက်လုံး သေတယ်။”
လက်ရှိမှာတော့ အပေါက်ဝကျေးရွာသားတွေ တရွာလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားတွေက ဆိုပါတယ်။
မြောက်ဦးမြို့မှာလည်း ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိခဲ့သူတွေလည်းရှိတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၀ က အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကြောင်းတခုနဲ့ ရက္ခိုင့်တပ်တော်တို့ မနေ့ နေ့လယ် ၃ နာရီလောက်က သကျမာရ်အောင် ဘုရားအနီးမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီစစ်ကြောင်းဟာ မြောက်ဦးမြို့အတွင်းသို့ ဆုတ်ပြေးစဉ်မှာ လမ်းမှာတွေ့တဲ့ အရပ်သား ၄ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အေအေ က ထုတ်ပြန်တယ်။
သတ်ဖြတ်ခံရသူတွေကတော့ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်က ဦးစံရွှေကျော် (၅၂ နှစ်)၊ ဦးထွန်းထွန်းဦး (၃၅ နှစ်)၊ ကိုစောနိုင်ထွန်း (၂၈ နှစ်) တို့ ဖြစ်ကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သေတာက ၄ ဦး၊ သေနတ်နဲ့ ပစ်သတ်ခံရတာက ၃ ဦး၊ လက်နက်ကြီး ကျပြီးတော့ ၁ ဦး သေတယ်။ နောက်ထပ် ၂ ဦးလည်း ထိခိုက် ဒဏ်ရာရသွားတယ်။”
ဦးစံရွှေထွန်းကို စစ်ကြောင်းက ဖမ်းဆီးသွားပြီးတော့ အလယ်ဈေးတံတာအလွန်မှာ ပစ်သတ်ခဲ့တာ ဖြစ်ပြီး ကိုထွန်းထွန်းဦးနဲ့ စောနိုင်ထွန်းတို့ ညီအစ်ကိုတွေကိုတော့ စစ်ကြောင်းနဲ့ လမ်းမှာတွေ့ရာက ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
မနေ့ညနေပိုင်းမှာလည်း ခမရ ၅၄၀ တပ်ရင်းက မြောက်ဦးမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ ယောက်နေရာမှာပင် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ညနေပိုင်းမှာလည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင်း မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဦးမဲနောင်ချေ (၆၀ နှစ်) ဟာ နေရာမှန်တင် သေဆုံးသွားခဲ့ပြီး မဘုမချေ (၇ နှစ်) နဲ့ ဦးမျိုးနိုင် ( ၅၂ နှစ်) တို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်မှ ဇန်နဝါရီ ၉ ရက် ညပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ပြည်သူ ၂၄ ယောက် သေဆုံးကာ ၃၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ခမရ (၅၄၀) တပ်ရင်းကိုလည်း ပြတ်ပြတ်သားသား လက်စားချေတုံ့ပြန်သွားမယ်လို့ အေအေက ဆိုထားပါတယ်။
ဒါအပြင် ပလက်ဝဒေသတခုလုံးကိုလည်း စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ် လာနိုင်ရေးအတွက် ပလက်ဝမြို့ပတ်ဝန်းကျင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ အေအေထုတ်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်ဝမြို့အနီးက တပ်စခန်းတွေ မကျဆုံးသွားဖို့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေပြီး အပြီးသတ်သိမ်းပိုက်ရရှိရေး အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ်မှာ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်း ၂ ခုသာကျန်တော့ပြီး ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။