မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာ၊ စစ်တပ်က ပစ်ခတ်တာတွေကြောင့် စပါးရိတ်သိမ်းဖို့အတွက် ဒေသခံ လယ်သမားတွေ အခက်တွေ့နေကြပါတယ်။
ရိတ်သိမ်းချိန်တန်နေပေမဲ့ စစ်ရှောင်ရတာနဲ့ ခြွေလှေ့ဖို စက်ငှားရခက်တာ တွေကြောင့်လည်း စပါးရိတ်ဖို့ ခက်ခဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရိတ်ခြွေစက်တွေကလည်း မတ္တရာအရှေ့ပိုင်းကို မလိုက်ရဲကြသလို လာရဲတဲ့ စက်တွေကလည်း ရိတ်ခ အဆမတန်တောင်းတာ၊ အသက်အာမခံမှ လိုက်ကြတာတွေဖြစ်နေလို့ လယ်သမားတွေအနေနဲ့ လူအားနဲ့ လက်ရိတ် ရိတ်နေရပါတယ်။ ကြားထဲက လက်နက်ငယ်နဲ့ လှမ်းလှမ်းပစ်လို့ ပြေးရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
စက်နဲ့ရိတ်ခက အရင်က ၁ ဧကကို ၁ သိန်းနှုန်းပဲ ရှိပေမဲ့ အခုတော့ ၂ သိန်းအထိ ပေးရပြီး လက်နဲ့ရိတ်တာကတော့ တနေကုန် ၁ ယောက်ကို ၁ သောင်းပေးရပြီး လူ ၁၀ ယောက်နဲ့ ၁ ရက်မှာ ၁ ဧက မပြီးနိုင်ဘူးလို့ သူက ပြောပါတယ်။
ရိတ်သိမ်းဖို့ ကြာလာတဲ့အတွက် တချို့စပါးတွေလည်း ပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စပါးအနေအထားက စက်တွေစောင့်ရင်း စပါးပင်တွေလဲကုန်လို့ အထွက်လည်း လျော့ပါတယ်။ တချို့ဆို ကျစ်စာတွေတက်လို့ တကွက်လုံး ဘာမှမရတာတွေပါရှိပါတယ်။ မြောင်းဦးတို့ဘက်က စခတွေက လူမြင်တိုင်းလိုက်ပစ်လို့ လက်ရိတ်လိုက်ရဲသူလည်း နည်းတယ်။ စစ်ရှောင်စခန်းကိုရောက်နေတာလည်း ၁ လ ကျော်ပြီလေ” လို့ ပြောပါတယ်။
အဓိက ခက်ခဲနေကြတာကတော့ မတ္တရာမြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေဖြစ်တဲ့ ကျပ်ပြင်၊ ကင်းရွာ၊ အောင်ချမ်းသာ၊ လက်ဝဲကြီး၊ လမိုင်း၊ စာတိုက်တကာ၊ ထုံးဖို၊ ကျောက်ဆည်လေး၊ မြောင်းဦး၊ မြောင်းသစ်၊ ကျွန်းပင်၊ မန်ကျီးကုန်းနဲ့ အုန်းလွတ်တောင်ကိုင်းရွာတို့ဖြစ်တယ်လို့ သိရပါတယ်။