အီကွေဒေါနိုင်ငံ၊ ဂွါယာကီးလ်မြို့တော်ရှိ TC ရုပ်မြင်သံကြားဌာနမှာ သတင်း တိုက်ရိုက်ထုတ်လွှင့်နေချိန် ဇန်နဝါရီ ၉ ရက်က မျက်နှာဖုံးစွပ် လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ စီးနင်း တိုက်ခိုက်ခံရပါတယ်။
ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း အီကွေဒေါရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆီဇာဇာပါတာက ပြောကြားခဲ့ပြီး စီးနင်းခံထားရတဲ့ ရုပ်မြင်သံကြားဌာနကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အီကွေဒေါ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ X လူမှုမီဒီယာမှာ တင်ထားပါတယ်။
အများပိုင် TC ရုပ်မြင်သံကြားဌာနရဲ့ စတူဒီယိုကို ရွှေ့ပြောင်းခဲ့ပြီး ဝန်ထမ်းတွေရဲ့ အခြေအနေတွေကို စစ်ဆေးခဲ့ကာ အမိန့်ညွှန်ကြားချက်တွေကို ပြန်လည်ထုတ်ပြန်ထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပြီး သူတို့ကို ဇစ်ပ်ကြိုးနဲ့ လက်ထိပ်ခတ်ထားတဲ့ ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့က လူမှုကွန်ရက်မှာ ထုတ်ဖော်ပြသခဲ့ပြီး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ လော့စ်တီဂယ်ရော့နေးစ်လို့ အမည်ရှိတဲ့ ရာဇဝတ်ဂိုဏ်းနဲ့ အချိတ်အဆက်ရှိနိုင်ကြောင်းလည်း ရဲမှူးချုပ်က ပြောပါတယ်။
စစ်ဆင်ရေးအတွင်းမှာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ယာဉ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ထောင်ဒဏ် ၃၄ နှစ် ကျခံနေရတဲ့ လော့စ်ချိုနေးရိုးစ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အဒေါ့လ်ဖို မာစီးယပ်စ်ဟာ အကျဉ်းထောင်ကနေ ပျောက်ဆုံးသွားလို့ အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာဟာ ဇန်နဝါရီ ၈ ရက်က ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အကျဉ်းထောင်တွေ အပါအဝင် စစ်တပ်ကင်းလှည့်မှုတွေလုပ်ဆောင်ခဲ့သလို နိုင်ငံမှာ ညမထွက်ရ အမိန့်ထုတ်ခဲ့ပါတယ်။
တခြားပြည်နယ်နဲ့ မြို့တွေမှာ ညဘက် ကင်းလှည့်နေတဲ့ အီကွေဒေါရဲအရာရှိ ၇ ဦးထက်မနည်း ပြန်ပေးဆွဲခံရပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် သမ္မတက ရာဇဝတ်ဂိုဏ်း ၂၂ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပြီးနောက်မှာ ရုပ်မြင်သံကြားဌာန စီးနင်းခံခဲ့ရတာ ဖြစ်ပါတယ်။
Source/Photo-Reuters