ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်မှာ ရပ်ကွက်ရုံးဆောက်ဖို့အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက နှစ်ထပ်အဆောင်တွေကို ငွေကြေးကောက်ခံနေတယ်လို့ အဆောင်ပိုင်ရှင်တွေက ပြောပါတယ်။
လှိုင်သာယာမြို့၊ ၇ ရပ်ကွက် ရုံးသစ်ဆောက်ဖို့ဆိုပြီး ဇန်နဝါရီ ၇ ရက်က စတင်ကာ ရာအိမ်မှူးတွေက နှစ်ထပ်အဆောင်တခုကို ကျပ် ၅၀,၀၀၀ မပေးမနေရပုံစံမျိုးနဲ့ ကောက်ခံနေပါတယ်။
လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်ရှိ အဆောင်ပိုင်ရှင်တဦးက “ရပ်ကွက်ထဲမှာ အဲ့လိုကောက်ခံတာတွေ မလုပ်တော့ဘူးဆိုပြီး ခုကျတော့ ထပ်လုပ်နေတယ်။ သူတို့တွေက ပိုက်ဆံကောက်တာ တရားလွန်တယ်။ မပေးချင်ပေမဲ့လည်း မပေးရင် သူတို့ အငြိုးထားပြီး ရန်ရှာမှာ ကြောက်ရသေးတယ်။ သူတို့ကတော့ ၅၀,၀၀၀ အပြည့်မပေးရင်တောင် တဝက်လောက်ပေးလို့ ပြောတယ်။ အဲ့ဒါ ရုံးဆောက်ဖို့ ဝိုင်းကူငွေထည့်ခိုင်းတာနဲ့ မတူဘူး၊ သက်သက်အနိုင်ကျင့်နေသလိုပဲ” လို့ ပြောပါတယ်။
လှိုင်သာယာ ၇ ရပ်ကွက်မှာ အရင်ကလည်း ငွေကြေးကောက်ခံမှုတွေရှိနေပြီး ပြည်သူတွေအနေနဲ့ မပေးချင်ပေမဲ့ ပေးဆောင်နေရတယ်လို့ လှိုင်သာယာဒေသခံတဦးက ပြောပါတယ်။
“သူတို့ ဒီလိုတွေလုပ်တာမျိုးကို မကျေနပ်ပေမဲ့လည်း ရန်ပြုမှာတွေကို ကြောက်နေရလို့ ပြည်သူတွေမှာ မဖြစ်မနေ ပေးနေရတယ်။ ကျနော်တို့ မတရားလုပ်ခံနေရပေမဲ့ ကျနော်တို့ သူတို့ကို ဘယ်မှာသွားတိုင်ရမလဲ။ တိုင်ခဲ့လည်း သူတို့ကို အရေးမယူဘဲ ကျနော်တို့ အသက်အန္တရာယ်ပဲ စိုးရိမ်ရတာ။”
လှိုင်သာယာ ၇ ရပ်ကွက်မှာ အရင်ကလည်း အောင်မြေသာယာဘုရား ပြန်လည်ပြင်ဆင်ဖို့အတွက်ဆိုကာ အဆောင်တွေကို အခန်းအရေအတွက်လိုက်ပြီး ၁၀ ခန်း ကျော်ရင် ကျပ် ၁ သိန်းခွဲ၊ အခန်း၂၀ ကျော်ရင် ကျပ် ၂ သိန်းခွဲ ကောက်ခံခဲ့ပါတယ်။