ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်းမှာ ဇန်နဝါရီ ၉ ရက် ညနေက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းက ထွက်လာတဲ့စစ်ကြောင်းနဲ့ အေအေတပ်ဖွဲ့တွေ မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှာ ထိပ်တိုက်တွေ့ကြရာက တိုက်ပွဲဖြစ်ပွားကြတာလို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ နေ့လယ် ၃ နာရီ ၁၅ လောက်မှာစဖြစ်ကြတာ။ ခမရ ၅၄၀ ထွက်လာတဲ့ စစ်ကြောင်းနဲ့ အေအေတပ်သားတွေနဲ့ ထိပ်တိုက်တိုးကြတာက တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီဘက်ကတော့ မြို့ထဲကို လက်နက်ကြီးတွေနဲ့ လှစ်ပစ်နေတယ်။”
လက်ရှိမှာ မြို့အတွင်း ကျန်ရှိနေတဲ့ သူတွေဟာလည်း အိမ်ပြင်မထွက်ရဲတာကြောင့် အရပ်သား အထိအခိုက် မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
နောက်ထပ်မြို့ခံတဦးက “တိုက်ပွဲဖြစ်နေတာကတော့ ၃ နာရီကျော်ကတည်းက စဖြစ်နေတာ။ နှစ်ဖက်အထိအခိုက်တော့ မသိရသေးဘူး။ အခုအထိ ပစ်နေကြဆဲပဲ။ စစ်ကောင်စီဘက်က မြို့ထဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်” လို့ ပြောပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကတည်းက စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်ပြီး မြောက်ဦးခရိုင်ရဲစခန်း၊ မြောင်ဘွေရဲစခန်းနဲ့ သင်ကျစ်တော်တောင် တပ်စခန်းတွေကို အေအေက သိမ်းပိုက်ရရှိထားပါတယ်။
မြောက်ဦးမြို့မှာ တိုက်ပွဲတွေကြောင့် မြို့ခံပြည်သူ ၃၀၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီပါရုံကျေးရွာဘက်ကို မနက် ၁၀ နာရီကျော်လောက်မှာ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာနားက လယ်ကွင်းမှာ စပါးအမှုန့်လွှင့်နေတဲ့ အမျိုးသားတယောက် လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူကတော့ ဒီပါရုံကျေးရွာက အသက် ၆၅ နှစ်အရွယ် ဦးအောင်သာထွန်းဖြစ်ပြီး ညာဘက်ပခုံးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပါတယ်။
ပုဏ္ဏားကျွန်းခြေစိုက် ၅၅၀ တပ်ရင်းက မနက် ၈ နာရီ ၃၈ မိနစ်ကစလို့ လက်နက်ကြီးနဲ့ အချက် ၂၀ ထက်မနည်း ပစ်ခတ်ကာ အဲဒီတပ်ရင်းကို ကာထားတဲ့ သာစည်ရွာ တောင်ကုန်းပေါ်က တပ်စခန်းကလည်း စက်သေနတ်တွေ၊ လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည်တွေဟာ ဒီပါရုံတောင်တန်းနဲ့ ရွာနားတွေ၊ လက်ဝဲစာတိုက် ကျေးရွာဘက်တွေမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာကိ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တပ်စခန်း၊ ဗျူဟာကုန်းတွေကို အေအေတပ်တွေက အပြင်းအထန် တိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံမှုတွေလည်း ရှိလာပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၆၀ နီးပါး သိမ်းပိုက်ထားပါတယ်။