၂၀၁၁ ခုနှစ်တုန်းက နော်ဝေနိုင်ငံမှာ လူ ၇၇ ဦးကို ဗုံးခွဲ၊ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ လက်ယာအစွန်းရောက် လူသတ်သမား အန်ဒါစ်ဘရေဗစ်က သူ့ကို တဦးတည်း နှစ်ပေါင်းများစွာ တိုက်ပိတ်ထားတာဟာ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အစိုးရကို ပြန်တရားစွဲထားတဲ့အမှုကို ဇန်နဝါရီ ၉ ရက်မှာ လက်ခံကြားနာမှာ ဖြစ်ပါတယ်။
မွတ်စလင်မုန်းတီးရေး၊ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး အမြင်တွေ ရှိတဲ့အပြင် အမျိုးသမီး တန်းတူအခွင့်အရေး လှုပ်ရှားမှုကို မလိုလားသူ ဘရေဗစ်ဟာ အကြမ်းဖက်မှုတွေ မကျူးလွန်မီ သူ့ရဲ့ အယူဝါဒတွေကို အီးမေးလ်နဲ့ ဖြန့်ဖြူးခဲ့သူလည်း ဖြစ်ပါတယ်။
သေဒဏ်မရှိတဲ့ နော်ဝေဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်သာ ကျခံထားရတဲ့ ဘရေဗစ်ဟာ ပြင်ပကမ္ဘာနဲ့ စာပေးစာယူဆက်သွယ်ခွင့်တော့ ပိတ်ပင်ခံထားရပါတယ်။
လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိနေတယ် ဆိုရင်တော့ နှစ်စေ့လည်း သက်တမ်းတိုးပြီး ဆက်လက်ထိန်းသိမ်းထားလို့ ရပါတယ်။
ပြင်ပနဲ့ဆက်သွယ်ခွင့်မရှိပေမဲ့ အပြည့်အစုံ ဖြည့်ဆည်းပေးထားတာဖြစ်ပြီး ၂၀၁၄ ခုနှစ်က သူကစားရတဲ့ PS2 ဂိမ်းစက်က ခေတ်မရှိတော့လို့ PS3 ဂိမ်းစက် လဲပေးဖို့ တောင်းဆိုခဲ့တဲ့ သတင်း ထင်ရှားခဲ့ပါသေးတယ်။
ဘရေဗစ်ဟာ အော်စလိုမှာ ကားဗုံးခွဲပြီး လူရှစ်ဦး သတ်ခဲ့ပြီးတဲ့နောက် အူတိုယာကျွန်းပေါ်တက်ပြီး ဆယ်ကျော်သက်အများစု ပါဝင်တဲ့ လူ ၆၉ ဦးကို ပစ်သတ်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီအချိန် ဖမ်းမိကတည်းက သူ့ကို တဦးတည်း တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။ အင်္ဂါနေ့ ကြားနာမှုကို တိုက်ရိုက်ထုတ်လွှင့်ဖို့ တရားသူကြီးကို မီဒီယာတွေက တောင်းဆိုခဲ့ပေမဲ့ ဘရေဗစ်က သူ့ကိုထားရှိတဲ့အကြောင်းတွေ မထွက်ဆိုဘဲ သူ့အမြင်တွေကို ဖြန့်ဖြူးဖို့ မီဒီယာကို အသုံးချမှာ စိုးရိမ်တဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။
ဘရေဗစ်က ပြန်စွဲဆိုတဲ့အမှုကို သောကြာနေ့အထိ စစ်ဆေးကြားနာသွားမှာဖြစ်ပြီး စီရင်ချက်ချဖို့တော့ ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။
Source/Photo-Reuters