ထိုင်ဝမ်အာဏာရပါတီ ကိုယ်စားပြု သမ္မတလောင်း လိုင်ချင်းတီက သူသာ ရွေးကောက်ခံရရင် ပိုနေမြဲ ကျားနေမြဲ အနေအထားကို ထိန်းသိမ်းသွားမှာဖြစ်ပြီး အင်အားကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်သွားမယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တရားမျှတမှုနဲ့ ဂုဏ်သိက္ခာဆိုတဲ့ အကြိုသတ်မှတ်ချက်တွေအောက်မှာ တရုတ်ပြည်မကြီးနဲ့ စေ့စပ်ညှိနှိုင်းဖို့ တံခါးဖွင့်ထားတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
ပေကျင်းဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး လာမယ့် စနေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်နဲ့ငြိမ်းချမ်းရေး ဘယ်ဟာရွေးမလဲ ဆုံးဖြတ်ရမယ့်ပွဲလို့ ရှုမြင်ထားပါတယ်။
အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (ဒီပီပီ) က လက်ရှိ ဒုတိယသမ္မတလည်းဖြစ်သူ သမ္မတလောင်း လိုင်ဟာ ခွဲထွက်ရေးသမားဖြစ်ပြီး ထိုင်ဝမ်တရားဝင်လွတ်လပ်ရေးရဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မှုမျိုးမဆို ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လိုင်ကတော့ ဒီအမြင်တွေကို ပယ်ချလိုက်ပြီး “ငြိမ်းချမ်းရေးက တန်ဖိုးမဖြတ်နိုင်ပါဘူး။ စစ်ပွဲမှာတော့ အောင်နိုင်သူဆိုတာ မရှိပါဘူး” လို့ ပြောပါတယ်။
“ဒါပေမဲ့ တရုတ်ရဲ့ တမူတည်းကိုင်တဲ့ အဆိုပြုချက်က စစ်မှန်တဲ့ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ အချုပ်အခြာ အာဏာမရှိတဲ့ ငြိမ်းချမ်းရေးဆိုရင် ဟောင်ကောင်လိုပဲ ဖြစ်သွားမှာပါ။ ဒါက ငြိမ်းချမ်းရေးအတုပါ” လို့လည်း ပြောသွားပါတယ်။
“ငြိမ်းချမ်းရေးကို ချဉ်းကပ်ရာမှာ အင်အားကို အခြေခံရမယ်၊ ရန်စကျူးကျော်သူရဲ့ စိတ်ကောင်း စေတနာကောင်းကို မျှော်နေလို့မရဘူး” လို့လည်း လိုင်က မှတ်ချက်ပေးပါတယ်။
သက်တမ်းနှစ်ကြိမ်ပြည့်သွားပြီဖြစ်တဲ့အတွက် ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့တဲ့ ဒီပီပီပါတီက လက်ရှိသမ္မတ ဆိုင်အင်းဝမ်ရဲ့ မူဝါဒအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း လိုင်က ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ အတိုက်အခံ ကူမန်တန်ပါတီကို ပိုမိုလိုလာပြီး သမ္မတဆိုင် လက်ထက်တလျှောက် အာဏာရ ဒီပီပီနဲ့ ဆက်ဆံရေး ဆိုးရွားနေပါတယ်။
Source/Photo-REUTERS/Ann Wang