လူတွေစားဖို့အတွက် ခွေးမွေးမြူရေးလုပ်တာ၊ သတ်ဖြတ်တာကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းကို တောင်ကိုရီးယားလွှတ်တော်က ဇန်နဝါရီ ၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အာဏာရပါတီက အဆိုပြုတဲ့ ဥပဒေကြမ်းကို ထောက်ခံမဲ ၂၀၈ မဲ၊ ပျက်ကွက်မဲ ၂ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေအရ စားဖို့အတွက် ခွေးမွေးမြူရေးလုပ်တာ၊ သတ်တာကို တားမြစ်ထားပြီး ခွေးသားရောင်းဖို့ သတ်ရင် ထောင်သုံးနှစ်၊ ဝမ်ငွေ သန်း ၃၀ အထိ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ခွေးသားရောင်းဖို့ မွေးတာ၊ သိလျက်နဲ့ ခွေးသားသယ်ယူပေးတာ၊ သိုလှောင်တာ၊ ရောင်းချတာ ဆိုရင်တော့ ပိုလျော့တဲ့ ထောင်ဒဏ်၊ ငွေဒဏ် ချမှာဖြစ်ပေမဲ့ ခွေးသားစားတဲ့သူကိုတော့ အရေးယူမှာ မဟုတ်ပါဘူး။
သက်သာခွင့်ကာလ သုံးနှစ်သတ်မှတ်ပေးထားပြီး သတ်စားဖို့ ခွေးမွေးမြူရေးလုပ်တဲ့ လုပ်ငန်းတွေ တခြားလုပ်ငန်းပြောင်းနိုင်ဖို့ အာဏာပိုင်တွေက ပံ့ပိုးကူညီပေးရမှာ ဖြစ်ပါတယ်။
တိရစ္ဆာန်အခွင့်အရေး ထောက်ခံမှု မြင့်တက်လာချိန်မှာ ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ အငြင်းပွားဖွယ် အလေ့အထတရပ်ကို ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။
စွတ်စိုတဲ့ ကိုရီးယားနွေရာသီမှာ ခွေးသားစားတာ သက်လုံကောင်းတယ်လို့ တချိန်က ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ ကိုရီးယားအများစုက ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မှတ်ယူလာကြတာကြောင့် ခွေးသားစားသူ အများစုဟာ သက်ကြီးရွယ်အိုပိုင်းမှာပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ခွေးတွေကို လျှပ်စစ်လွှတ်သတ်တာ၊ ဆွဲကြိုးချသတ်တာလို ရက်ရက်စက်စက်သ တ်ဖြတ်တဲ့ကိစ္စဟာ အထူးဝေဖန်ခံရပါတယ်။
အိမ်မှာ ခွေးခြောက်ကောင်၊ ကြောင်ရှစ်ကောင် မွေးထားတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုး ကိုယ်တိုင်က ခွေးသားစားတဲ့ကိစ္စကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦး ဖြစ်ပါတယ်။
Source/Photo-Reuters