Home
မြန်မာသတင်း
ကျိုက်လတ်တွင် စစ်ကောင်စီက တနှစ်အတွင်း ကျောင်းဆရာမ ၂ ဦး အပါအဝင် ၄၈ ဦးကို ထောင်ဒဏ်ချ
DVB
·
January 9, 2024
Kyaik Lat Police_09012024

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တနှစ်အတွင်း ကျောင်းဆရာမ ၂ ယောက် အပါအဝင် စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၄၇ ယောက်အထိ ရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်း စစ်တပ်က NUG၊ PDF စတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်၊ ဆန္ဒပြပွဲတွေမှာပါတယ်လို့ စွပ်စွဲဖမ်းဆီးကာ ဖမ်းဆီးခံရတဲ့ ဆရာမ ဒေါ်မြင့်မြင့်ဌေး နဲ့ ဒေါ်မြင့်မြင့်ရီတို့ အပါအဝင် ဒေသခံ ၄၇ ယောက်ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ ကျောင်းဆရာမ ၂ ယောက် အပါအဝင် ၄၇ ယောက်ကို စစ်ကောင်စီလက်အောက်ခံ မြောင်းမြနဲ့ ဖျာပုံ တရားရုံးတွေက ပုဒ်မ ၅ဝ၅-(က)၊ ၅၀၅(ခ)၊ ၅၂(က)၊ ၅၀(ည) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ကူညီပေးတဲ့ တရားလွှတ်တော်ရှေ့နေတယောက်က “ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ အရပ်သားတွေကော ဆရာမတွေကော အားလုံးကို ဆန္ဒပြတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ထားတာ။ ဆရာမ ၂ ယောက်ကို အကြမ်ဖက်မှုဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ထားတယ်။ ဘယ်သူမှ ဒီနေ့အထိ ပြန်မလွတ်သေးဘူး။ စစ်ကောင်စီက အကြမ်းဖက်တဲ့ဥပဒေနဲ့ ဆရာမတွေကို ထောင်ဒဏ်တွေ ချမှတ်တာက များလွန်းတယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။

ပညာရေးအသိုက်အဝန်းမှ တာဝန်ရှိသူတယောက်ကလည်း “ဒီလို အကြမ်းဖက်တဲ့ ဥပဒေတွေနဲ့ ဆရာ ဆရာမတွေကို အမိန့်ချမှတ်တာဟာ တခါ ဆရာတယောက် ပြောဖူးခဲ့သလို ကိုယ့်နိုင်ငံရေးကို ကြိုးဆွဲချသလိုပါပဲ။ ဒါဟာ မလုပ်သင့်တဲ့အလုပ်ပါ။ ပြစ်ဒဏ်တွေက မဆီလျော်ပါဘူး၊ အချိန်မီ လျှော့ပေးသင့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အဲဒီ ထောင်ဒဏ်အမိန့် ချမှတ်ခံရသူတွေကို တနှစ်လောက် စစ်ဆေးပြီးမှ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိရပြီး အမျိုးသမီးငယ် ၁၈ ယောက်နဲ့ အမျိုးသား ၂၉ ယောက်ဖြစ်ပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ Mytel တာဝါတိုင် မိုင်းခွဲခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(စျ) နဲ့ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024