Home
မြန်မာသတင်း
နေပြည်တော်နှင့် နွားထိုးကြီးတို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရ
DVB
·
January 9, 2024
Car Crash_09012024

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၉ ရက်က ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၂၀၂/၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲလောက်က အဝတ်အထည်တွေတင်လာတဲ့ နစ်ဆန် ၆ ဘီးကားကို ဂေါ်ဖီထုပ်တင်လာတဲ့ အီစူဇူး ၆ ဘီးကားက အနောက်ကနေ ဝင်တိုက်မိခဲ့ပါတယ်။

ကားနှစ်စီးစလုံးဟာ မန္တလေးဘက်ကနေ နေပြည်တော်ကို ဦးတည်မောင်းနှင်လာကြတာဖြစ်ပြီး လားရာတူလမ်းကြောင်းမှာ အီစူဇူးယာဉ်က အရှိန်လွန် ဝင်တိုက်မိခဲ့တဲ့တာကြောင့် နစ်ဆန်ကား တိမ်းမှောက်ခဲ့ကာ အီစူဇူးကားက သစ်ပင်နဲ့ဝင်တိုက်မိပြီး ရပ်တန့်သွားပါတယ်။

ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးက “နောက်ကားက အိပ်ငိုက်ပြီးတော့ ရှေ့ကားကို ဝင်တိုက်မိတယ်။ ပြီးတော့ နောက်ကားက လမ်းဘေးက ကုက္ကိုပင်နဲ့ ထပ်တိုက်တယ်။ ယာဉ်မောင်းက ညပ်နေတယ်။ ကားနှစ်စီးစလုံးက မန္တလေး-နေပြည်တော် လမ်းဘက်မှာပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုမှာ နစ်ဆန်ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အီစူဇူး ယာဉ်မောင်း အမျိုးသားမှာ ခြေထောက်ကျိုးပြတ်ရှဒဏ်ရာ၊ ယာဉ်အကူမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

နွားထိုးကြီးမြို့နယ်၊ ရသေ့ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၂၉/၃ ဖာလုံမှာလည်း ဒီနေ့မနက် ၅ နာရီခွဲလောက်က ခရီးသည် အယောက် ၂၀ ပါ Express ကားတစီးဟာ လမ်းလယ်ရှိ ဘလောက်တုံးတွေကို ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းအမျိုးသား တဦးနဲ့ ခရီးသည် အမျိုးသမီးတဦးတို့ ခါးနဲ့ ခြေထောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးက “နေပြည်တော်ကနေ မန္တလေးဘက်ကို လာတဲ့ကားပါ။ နွားထိုးကြီးအပိုင်ထဲမှာ။ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထဲ ဆွဲချသွားတာ။ ကားက အရှေ့ပိုင်းနည်းနည်း ပျက်စီးသွားတယ်။ ယာဉ်မောင်းက ခါးနာ၊ အမျိုးသမီးတဦးက ဒူးခေါင်းထိမိသွားတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနေရာကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းရှိ မီးသတ်ယာဉ်တစီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုတွေကို အမြန်လမ်း 192 လူနာတင်ယာဉ်နဲ့ တံတားဦးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီခွဲလောက်ကလည်း မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၈၆/၆ ဖာလုံနဲ့ ၂၈၆/၇ ဖာလုံအကြားမှာ အစိမ်းရောင် အီစူဇူးအိမ်စီးကား ဘယ်ဘက်ရှေ့ဘီးပေါက်ပြီး အရှိန်လွန် တိမ်းမှောက်ခဲ့တာကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024