ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အတွင်း ပိတ်မိနေသူတွေကို ခေါ်ဆောင်ဖို့ လာရောက်ကူညီတဲ့ စက်လှေတွေကို စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့အတွင်း ပိတ်မိနေသူတွေကို ဇန်နဝါရီ ၉ ရက် မနက် ၉ နာရီကျော်လောက်က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာနဲ့ ဆင်ဖြူကျေးရွာရှိ စက်လှေတွေက သွားရောက်ကူညီခဲ့ရာ ဖယ်ခုံမြို့သင်္ဘောဆိပ် မရောက်ခင်မှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မြို့တွင်း ပိတ်ဆို့ခံရနေတဲ့ အမျိုသားတဦးက “လှေပေါ်ကို တက်နိုင်တဲ့သူတွေလည်း ရှိသလို မတက်နိုင်ဘဲ လွတ်ရာပြေးကြလို့ ကျန်ခဲ့တဲ့သူတွေလည်း ရှိတယ်။ စနိုက်ပါသမားကတော့ စျေးဒေါင့်နားက အိမ်ကနေ ပစ်တာ။ စက်လှေသမားကိုတော့ မထိဘူး” လို့ ပြောပါတယ်။
စက်လှေတွေကို လေကြောင်းက ပစ်ခတ်ရုံမက လှေဆိပ် တဖက်ကမ်းကူးနိုင်ဖို့ လှေစောင့်နေတဲ့ အရပ်သားတွေကိုလည်း ၁၅ ပေအကွာကနေ စစ်ကောင်စီက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဖယ်ခုံမြို့ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေး ဆက်လက်တင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရပါတယ်။
ဖယ်ခုံမြို့ရှိ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုကြောင့် တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အရပ်သားတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ ဖယ်ခုံဒေသရှိ ဆောင်းနန်းခဲတောင်ပေါ်၊ ရွှေပြည်အေးတောင်ပေါ်၊ လွယ်ပသာတောင်ပေါ်၊ ရပ်တော်မူဘုရားတောင်ပေါ် စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။