စစ်ကိုင်းတိုင်းမှတ်ပုံတင်နဲ့ ကယားပြည်နယ် (ကရင်နီ) မှတ်ပုံတင် ကိုင်ဆောင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းကနေ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးငွေညှစ်နေတယ်လို့ ခရီးသွားတွေဆီကတဆင့် သိရပါတယ်။
အခုလို ဖမ်းဆီးစစ်ဆေးမှုတွေကို ဇန်နဝါရီ ၄ ရက်လောက်ကစပြီး ပိုမိုတင်းကျပ်လာတာ ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်သူ ငါးဦးထက်ပိုပြီး အုပ်စုဖွဲ့ ခရီးသွားခဲ့တာကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီလက်အောက်ခံ အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ငွေညှစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။
“အလုပ်က ကလေးတွေကို ဘုရားဖူးလိုက်ပို့တာ စစ်ကိုင်းမှတ်ပုံတင်နဲ့လူတွေ ခေါ်လာတယ်ဆိုပြီး စစ်တာ အကြာကြီးပဲ။ ပိုက်ဆံ ၂ သောင်းပေးလိုက်မှ အဆင်ပြေသွားတယ်။ ဒါပေမဲ့ ရှေ့ကိုတော့ ပေးမသွားဘူး၊ ရန်ကုန်ပဲ ပြန်လှည့်ခဲ့ရတယ်။”
ဒါ့အပြင် မန္တလေးကနေ ရန်ကုန်ကို သွားတဲ့အခါမှာလည်း ကယားပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားတာကြောင့် အချိန်ကြာမြင့်စွာ စစ်ဆေးခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။
“မှတ်ပုံတင်က လွိုင်ကော်မှာလုပ်ထားတာ။ သူတို့စစ်တာ ကယားပြည်နယ် မှတ်ပုံတင်မှန်း သိတော့ PDF ဆိုပြီး မေးတာ တနာရီလောက်ကြာတယ်။ ပိုက်ဆံ ၁ သောင်းပေးပြီး ညှိလိုက်မှ အဆင်ပြေသွားတယ်။”
အခုလိုစစ်ဆေးတဲ့အခါမှာ တခြားတိုင်းဒေသကြီးက မှတ်ပုံတင်တွေ ဖြစ်နေရင်လည်း အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲထားဘူးဆိုရင် စစ်ဆေးတဲ့ရဲတွေကို ဒဏ်ကြေးပေးရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။
“၁၈ နှစ်ပြည့်ပြီးတာ မှတ်ပုံတင်မလဲထားလို့ဆိုပြီး ၅ ထောင် တောင်းသွားတယ်။ မှတ်ပုံတင် မိတ္ထူပဲ ပါရင်လည်း သူတို့တောင်းသလောက် ပေးရတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုံခြုံရေးကို အကြောင်းပြပြီး အမြန်လမ်း မိုင်တိုင်နေရာအနှံ့အပြားမှာ စစ်တပ်၊ အမြန်လမ်းရဲတပ်ဖွဲ့တို့ ပေါင်းပြီး စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ကာ ခရီးသွားပြည်သူတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေတောင်းခံနေရတာတွေ ကြုံနေရတာ ဖြစ်ပါတယ်။