Home
ဆောင်းပါး
အဆိပ်သင့် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အင်ဒိုနီးရှား ကလေးငယ်များ ဝေဒနာ ခံစားနေရ
DVB
·
January 9, 2024
Article_09012024

အင်ဒိုနီးရှားနိုင်ငံမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ချောင်းဆိုးပျောက်ဆေးရည် သောက်မိလို့ ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေ အများအပြား တွေ့လာရပြီး ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကို တရားစွဲဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

ငယ်ငယ်ကတည်းက စာအုပ်တွေကို အငမ်းမရဖတ်တဲ့ သမီးငယ် ရှီနာအယ်လ်မေယာမာရမ်ဟာ မနှစ် စက်တင်ဘာလ ၂၂ ရက်မှာ အဖျားဝင်လာပြီး သောက်လိုက်တဲ့ဆေးရည်က ကလေးမလေး ရှီနာကို အဆိပ်အတောက်ဖြစ်စေခဲ့သို ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုပါ ထိခိုက်ဖျက်ဆီးခဲ့ပါတယ်။

အခု အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှီနာဟာ ဟယ်လိုကစ်တီ ရုပ်ပုံကပ်ထားတဲ့ အခန်းတခုထဲမှာ လဲလျောင်းပြီး ဖုန်းကြည့်နေရတဲ့ ကလေးလူနာအဖြစ်နဲ့ နေ့ရက်တွေ ကုန်ဆုံးနေရတယ်လို့ မိခင်ဖြစ်သူ ဒေစီပါမာတဆာရီက ပြောပါတယ်။

“စစချင်းကတော့ ရှီနာက ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ အဖျားတက်တာလောက်ပါပဲ။ ဖာရင်ဟိုက် ၁၀၄ အထိ အပူတက်နေတာကြောင့် ကျမ သူ့ကို ဆေးရုံခေါ်သွားလိုက်တယ်။ သူတို့က ပါရာစီတမော့ သောက်ဆေးအရည် ပေးပါတယ်။ ဆေးသောက်ပြီး နှစ်ရက်လောက်ကြာတော့  သမီးက ဆီးသွားလို့ မရတော့ဘူး။ နောက်ရက်ကျတော့ ကလေးကို ဆေးရုံပြန်ခေါ်သွားပြတော့ သမီးကို ဆီးပိုက်တပ်ပေးလိုက်ပေမဲ့လည်း ဆီးသွားလို့မရဘူး။ အဲဒါနဲ့ သမီးကို သွေးစစ်ကြည့်လိုက်တော့ သွေးထဲမှာ အဆိပ်အတောက်တွေ များနေတာ တွေ့တယ်။”

ရှီနာဟာ နိုင်ငံအစိုးရတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အန္တရာယ်ရှိတဲ့ ဆေးရည်တွေ သောက်ပြီး ဆေးဆိပ်သင့်ကြရတဲ့ ဂမ်ဘီယာကနေ ဥဇဘက်ကစ္စတန်အထိရှိတဲ့ ကမ္ဘာ့နိုင်ငံတွေက ရာနဲ့ချီတဲ့ ကလေးငယ်တွေထဲက တဦးဖြစ်ပါတယ်။ ခုလိုဖြစ်ရတာဟာ ဆေးဆိပ်သင့်ရသူ အရေအတွက် အများဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပါတယ်။

ဆက်လက်ပြီး ရှီနာရဲ့မိခင် ဒေစီပါမာတဆာရီ က “ကျမမှတ်မိသလောက် ပြန်ပြောပြရရင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သမီးက အယောက်နှစ်ဆယ်မြောက် ရောဂါခံစားနေရတဲ့ ကလေးတယောက် ဖြစ်ပါတယ်။ သမီးက ကလေး အထူးကြပ်မတ် ကုသဆောင်မှာ နေနေရတုန်းမှာ ကျမက လူနာစောင့်အခန်းကနေ ထိုင်စောင့်နေတာပါ။ နေ့တိုင်းနေ့တိုင်း ကလေးလူနာတွေ ဆေးရုံရောက်လာတာ၊ နေ့တိုင်းနေ့တိုင်း ကလေးလူနာ တယောက် အသက်ဆုံးရှုံးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

တခြားနိုင်ငံတွေမှာလည်း အန္တရာယ်ရှိတဲ့ ကလေးသောက်ဆေးရည်တွေ ထပ်တွေ့နေရပြီး နောက်နှစ်တော်တော်ကြာကြာ ဆက်တွေ့နေရဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြောပါတယ်။

ရှေ့နေ စီတီ ဟာဘီဘာဟာ ထိခိုက်ခံစားခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မိသားစု သုံးဆယ့်နှစ်စုကို ကိုယ်စားပြုပြီး တရားရင်ဆိုင်ပေးနေတဲ့ တရားလိုရှေ့နေ ဖြစ်ပါတယ်။

ဂျကာတာ ဗဟိုတရားရုံးချုပ်မှာ အဖြေမထွက်ဘဲ အဆုံးသတ်ခဲ့တဲ့ အစိုးရနဲ့ ဆေးဝါးကုမ္ပဏီတွေ အကြား အဆိပ်သင့်မှုအတွက် ဘယ်သူ့မှာတာဝန်ရှိကြောင်း စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲ ရှစ်ကြိမ်အပြီးမှာ နစ်နာခဲ့တဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေက မနှစ် ဒီဇင်ဘာလမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ရှေ့နေ ဟာဘီဘာက ဆိုပါတယ်။

“ဆေးဝါးကုမ္ပဏီတွေက အစိုးရရဲ့ ပေါ့ဆမှုကြောင့်လို့ အပြစ်ဖို့ပြီး အစိုးရဘက်ကတော့ ပါရာစီတမော့ ကုမ္ပဏီတွေရဲ့ ပေါ့ဆမှုကြောင့် ခုလိုဖြစ်ရတာတွေအတွက် သူတို့ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ပြောတယ်။ သူ့ကြောင့် ကိုယ့်ကြောင့် အပြန်အလှန် ပြောနေကြတယ်၊ ဘယ်ဘက်ကမှ ကိုယ့်အမှားကိုယ် ဝန်မခံဘူး။”

ရှီနာဟာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံက လူနာကလေးငယ်တွေထဲက တဦးဖြစ်ပြီး ဆေးရည်အဆိပ်သင့်မှုကြောင့် ကျောက်ကပ်ပျက်စီးသေဆုံးသူ ကလေးငယ် ၂၀၀ ကျော် ရှိပါတယ်။ တဖက်မှာလည်း အင်ဒိုနီးရှားဟာ ဆေးအဆိပ်သင့်မှုကြောင့် အသက်ဘေးက လွတ်မြောက်သူ ကလေးငယ် အများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကလေးငယ် ၁၂၂ ဦး ပြန်လည်ကျန်းမာလာပြီလို့ ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆဒီကင်က ပြောပါတယ်။ ကလေး ၆ ယောက်ကတော့ ဆေးရုံတင်ထားရဆဲပါ။

ရှီနာလို ဆေးရည်အဆိပ်သင့်တဲ့ တချို့ကလေးငယ်တွေဟာ မသန်စွမ်းသူတွေ ဖြစ်ကုန်ကြပါတယ်။ ကြေကွဲစရာ ဆေးရည်အဆိပ်သင့်မှုကြီး ဖြစ်အပြီးမှာ အသက်ဘေးက လွတ်မြောက်လာတဲ့ ကလေးငယ်တွေနဲ့ သူတို့မိဘတွေရဲ့ နေအိမ်မှာ အတူနေထိုင်နေတဲ့ ရှားပါးပုံတွေကို ရိုက်တာက ပြသခဲ့ပါတယ်။

ချောင်းဆိုးပျောက်ဆေးရည်ဒဏ် ခံစားနေရတဲ့ သားငယ်ရဲ့မိခင် ရက်စ်တီဆဖီထရီက “ကျမသားလေးက ရှစ်လသားကတည်းက လမ်းစမ်းလျှောက်ဖို့ လုပ်နေပြီ။ လေးဘက်သွားတတ်နေပြီ။ ကလေးစီးတွန်းလှည်းကို သူတွန်းတတ်နေပြီ။ အခု သူအိပ်ယာမှာ လှဲနေရတယ်။ အဖေ အမေ အကူအညီမပါရင် သူ ဟိုဘက်ဒီဘက်တောင် သူ့ဘာသာသူ မလှည့်နိုင်ဘူး” လို့ ပြောပါတယ်။

အင်ဒိုနီးရှား ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်း အနည်းဆုံး ၃ ခုကနေ ထုတ်လုပ်လိုက်တဲ့ သောက်ဆေးရည်တွေထဲမှာ အဆိပ်အတောက်တွေ ပါဝင်နေတယ်လို့ အင်ဒိုနီးရှား အမျိုးသားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့က ထုတ်ပြန်ထားပါတယ်။

ရှီနာ သောက်သုံးမိတဲ့ တောက်ပတဲ့အရောင်ရှိတဲ့ အက်ဖီဖားမားထုတ် ဆေးရည်ထဲမှာ အက်သလင်း ဂလိုက်ကောလ်-အီးဂျီ ပါရှိနေတာပါ။ အက်သလင်းဂလိုက်ကောလ် ဓာတုဒြပ်ပေါင်းဟာ မော်တော်ကား ရေတိုင်ကီထဲမှာ ရေမခဲအောင်နဲ့ ဘရိတ်ဆီအတွက်သုံးတဲ့ ဓာတုပစ္စည်း ဖြစ်ပါတယ်။ ဆေးရည်တွေထဲမှာ ပါဝင်တဲ့ အီးဂျီပါဝင်မှုက ၉၉ ရာခိုင်နှုန်းအထိ မြင့်မားနေတယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အက်ဖီဖားမား ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဟာ ဆေးပစ္စည်း ကုန်ကြမ်းတင်သွင်းတဲ့ ဆမူဒီရာ ဓာတုကုမ္ပဏီနဲ့ အနုဂျီရာပါဒါနာ ကုမ္ပဏီတို့နဲ့အတူ တရားစွဲဆိုခံခဲ့ရပါတယ်။ နိုဝင်ဘာလမှာတော့ ဆေးဝါးထုတ်လုပ်မှုဥပဒေ ချိုးဖောက်မှုနဲ့ အက်ဖီဖားမားကုမ္ပဏီ အမှုဆောင်ချုပ် အပါအဝင် အရာရှိလေးဦးက တဦးကို ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး ကုန်ကြမ်းတင်သွင်းတဲ့ ကုမ္ပဏီနှစ်ခုက အရာရှိ လေးဦးကတော့ ထောင် ၁၀ နှစ်စီ ကျခံခဲ့ရပါတယ်။

သေဆုံးသွားတဲ့ ကလေးမိသားစုတစုကို နစ်နာကြေး အင်ဒိုနီးရှားရူပီယာ သန်း ၅၀ (ဒေါ်လာ ၃,၂၀၀) နဲ့ အသက်မသေ ကျန်ရစ်သူ ကလေးမိသားစု တစုကိုတော့ ရူပီယာ သန်း ၆၀ (ဒေါ်လာ ၃,၉၀၀) ပေးမယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပေမဲ့ လက်တွေ့တော့ မရရှိသေးဘူးလို့ ဝေဒနာခံစားနေရတဲ့ ကလေးငယ်မိသားစုဝင်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024