ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ပြီး နေရပ်စွန့်ခွာသူ အများအပြား ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်က စတင်ပြီး မြို့ခံအများအပြားဟာ ပြင်ဦးလွင်၊ မန္တလေး၊ တောင်ကြီးမြို့တွေရှိ ဆွေမျိုးတော်စပ်သူတွေထံ ပြောင်းရွှေ့နေကြပြီး ကွမ်းလုံနဲ့ မူဆယ်ဘက်က စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ခံ ကိုကျော်ကျော်ဦးက “တိုက်ပွဲတွေက မြို့နဲ့ မလှမ်းမကမ်း ရွာဘက်တွေမှာတော့ ဖြစ်နေတာပဲ။ မြို့ပေါ်ပဲ ရောက်မလာသေးတာ။ လက်နက်ကြီးသံက ညတိုင်းနီးပါး ကြားနေရတယ်။ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ နေရာအနှံ့မှာ သတင်းတွေထွက်လာလို့ ကြိုရှောင်ထားတာ။ တောင်ကြီးဘက်သွားဖို့ပဲ၊ အဲ့ဒီမှာက အိမ်ငှားဖို့လည်းမလွယ်ဘူး၊ အိမ်ငှားခတွေလည်း ဈေးအရမ်းတက်နေလို့ မန္တလေးကအမျိုးတွေဆီ သွားနေရမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး လားရှိုးမြို့အနီး နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့မြို့တွေ အပါအဝင် မြို့ပေါင်း ၁၆ မြို့ကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ညီနောင်မဟာမိတ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့ပေါ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိပြီး တိုက်ပွဲဖြစ်ပွားလာပါက မြို့ထဲကနေထွက်ဖို့ ခက်ခဲမှာဖြစ်တဲ့အတွက် အခုအချိန်တည်းက ထွက်ခွာနေကြတာလို့ မြို့ခံတွေထံက သိရပါတယ်။
ငွေကြေးတတ်နိုင်သူတွေအနေနဲ့ မြို့ကိုစွန့်ခွာသွားကြပြီး စစ်ရှောင်ဖို့ အဆင်မပြေသူတွေက နေအိမ်အတွင်း ဗုံးခိုကျင်းတွေ တူးနေကြတယ်လို့လည်း သိရပါတယ်။
လားရှိုး ၁၀ ရပ်ကွက်မှာ နေထိုင်သူတဦးက “ကျမတို့က မိသားစုထဲမှာ အသက်ကြီးတဲ့သူတွေလည်း ရှိတယ်။ ပိုက်ဆံစုထားနိုင်တာမျိုးလည်း မရှိတော့ တခြားမြို့သွားနေဖို့ အဆင်မပြေဘူး။ ကလေးတွေနဲ့ ကျမက ဗုံးခိုကျင်းတော့ တူးနေပြီ။ အခုထိတော့ ဘာမှမဖြစ်သေးပါဘူး။ သတင်းတွေထွက်ပြီး ပြေးကြတာ”လို့ ပြောပါတယ်။
လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်တွေက နေရာယူထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်အပြီးမှာ အခုလို နေရပ်စွန့်ခွာသွားကြတာလို့ သိရပါတယ်။
ဇန်နဝါရီ ၈ ရက်ကလည်း လားရှိုးမြို့နဲ့ မိုင် ၃၀ လောက်အကွာက မိုင်းယော်ကျေးရွာကို စစ်ကောင်စီလေကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၄ ဦး သေဆုံးခဲ့ပါတယ်။