ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ မိုင်းယော်ရွာမှာ ဇန်နဝါရီ ၇ ရက် ည ၇ နာရီကျော်လောက်က စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ လက်နက်ကြီး ပစ်တဲ့အတွက် လူ ၄ ဦးသေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရကာ နေအိမ်တွေလည်း ပျက်စီးသွားပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ရွာပြင်ဘက်ကို ၂ ကြိမ်၊ ရွာထဲကို ၁ ကြိမ် လာရောက်ပစ်ခတ်သွားတာလို့ မိုင်းယော်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က လေယာဉ်နဲ့ ည ၇ ခွဲလောက်မှာ လာပစ်တယ်။ လက်နက်ကြီးလား၊ ဗုံးလားဆိုတာတော့ မသိပါဘူးရှင့်။ ပထမနှစ်ခါက ရွာပြင်မှာ၊ ဒုတိယတခေါက်က တခါ ဈေးတန်းရပ်ကွက်ထဲကို ကျတာ။ လက်နက်အဓိကကျတဲ့အိမ်တော့ လုံးဝရစရာမရှိအောင် ပျက်စီးတယ်။ အိမ်ရှင် တရုတ်အမျိုးသမီး အသက် ၅၀ ကျော်လောက်နဲ့ သူ့အိမ်က အလုပ်သမား ၃ ယောက် (အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်) စုစုပေါင်း ၄ ယောက် ဆုံးသွားတယ်။ ကျမတို့အိမ်က သူတို့နဲ့ တအိမ်ကျော်မှာပါ။ ကျည်စတွေထိပြီး ခေါင်မိုး၊ မျက်နှာကျက်၊ ပြတင်းပေါက်မှန်တွေ ကွဲတယ်။ အိမ်သားတွေကတော့ ရွာပြင်မှာ ပစ်သံကြားကတည်းက ဗုံးခိုဖို့လုပ်ထားတဲ့နေရာမှာ သွားပုန်းကြလို့ ဒဏ်ရာမရခဲ့ဘူး။”
လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် ဈေးတန်းရပ်ကွက်ထဲက အိမ်ခြေ ၁၀ ကျော် ၂၀ နီးပါး ပျက်စီးပြီး လက်နက်စထိမှန်သူ ၅ ဦးခန့်ရှိကြောင်း၊ အဲဒီထဲမှာ ခြေထောက်ပြတ်သူ ၁ ဦးရှိပြီး သေဆုံးတဲ့အထဲ ပါမပါတော့ မသိရဘူးလို့ ဆိုပါတယ်။
မိုင်းယော်မှာ ရပ်ကွက် ၅ ရပ်ကွက်နဲ့ ဖွဲ့စည်းထားတဲ့ ရွာကြီးတရွာဖြစ်ပြီး မြို့ငယ်လေးတမြို့လို စည်ကားပါတယ်။
တိုက်နယ်ထဲမှာ MNDAA ကိုးကန့်၊ SSPP ရှမ်း၊ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားသွားလာလေ့ရှိပေမဲ့ ရွာအနီးတဝိုက် တိုက်ပွဲမရှိပါဘဲ ခုလို လေယာဉ်ပေါ်က တဖက်သတ် အပစ်ခံရတယ်လို့ ဒေသခံက ပြောပါတယ်။