ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ဈေးထဲ ဖွင့်လှစ်ထားတဲ့ မခင်ဦးရွှေဆိုင်မှာ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ရွှေဆိုင်မှာ အမျိုးသမီးတဦးပဲ ကျန်ခဲ့တဲ့အချိန်ပေါ့။ အကူကောင်မလေးနှစ်ယောက်က အိမ်ပြန်ပြီး ထမင်းချိုင့်သွားယူတဲ့အချိန် မျက်နှာ Mask အမဲရောင် အုပ်ထားတဲ့ အမျိုးသားတယောက်က ရောက်လာပြီး သေနတ်ပြဓားပြတိုက်သွားတာ။"
အဲ့ဒီဓားပြတိုက်ခံရမှုကြောင့် ရွှေလက်စွပ်နဲ့ ရွှေဆွဲကြိုး ၃ ကျပ်သားကျော် ပါသွားခဲ့ပြီးနောက် ဈေးအတွင်းရှိ ရွှေဆိုင်တချို့မှာ စိုးရိမ်မှုတွေကြောင့် ပိတ်သိမ်းခဲ့ကြောင်း စျေးသည်တွေဆီက သိရပါတယ်။
ရွှေဆိုင်ဓားပြတိုက်ခဲ့သူမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ပြီး စစ်ကောင်စီအဖွဲ့တွေက မြို့ဝင်မြို့ထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးနေကြောင်း သိရပါတယ်။