ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချအပြီး ဇန်နဝါရီ ၆ ရက်မှာ ဗိုလ်မှူးချုပ် မိုးကျော်သူ အပါအဝင် အရာရှိ ၉ ယောက်ကို စစ်ကောင်စီက လားရှိုးမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင် MNDAA ဆီမှာ လက်နက်ချခိုင်းပြီးနောက် လာရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဇန်နဝါရီ ၆ ရက်က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
“တပ်က စစ်ဦးစီးချုပ်ကိုယ်တိုင် ၂ ရက်နေ့ညမှာ ဖုန်းဆက်တယ်။ မှူးချုပ် ၆ ယောက် တိုင်ပင်ပြီး ကိုးကန့်တွေဆီမှာ လက်နက်ချလိုက်၊ ခံစစ်လည်းကပ်မနေနဲ့၊ စစ်သည်က မရှိတော့ဘူး၊ သူတို့အားလုံးကို နပတကို ပြန်ပို့၊ မင်းတို့ ၆ ယောက်က ခဏနေခဲ့၊ အခြေအနေပြီးမှ ပြန်လာခဲ့၊ ဒီကိစ္စကို ဘယ်သူမှမသိအောင်လုပ်၊ သိရင် မင်းတို့ ပြစ်ဒဏ်ခံရမယ်” လို့ ပြောပါတယ်။
ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းနဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ၃ ဦးကို ဇန်နဝါရီ ၆ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတာလို့ တပ်တွင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“၆ ရက်နေ့ ပြန်မယ်ဆိုတော့ ရမခစစ်ဌာနချုပ်မှာ ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်ထားတာ၊ အခုချိန်ထိပဲ၊ အားလုံးပေါင်း ၉ ယောက်၊ ဗိုလ်မှူးချုပ် ၆ ယောက်၊ ဗိုလ်မှူးကြီး ၃ ယောက်၊ ဗိုလ်မှူးကြီး ၃ ယောက်က အရင်ရောက်နေတာ။”
လတ်တလော စစ်ကောင်စီက ဗိုလ်မှူးချုပ် ၆ ယောက်နဲ့ ဗိုလ်မှူးကြီး ၃ ယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့လည်း သူကပြောပါတယ်။
“ခိုင်းတဲ့အတိုင်းလုပ်တာကို ဖမ်းပြီးစစ်ဆေးတယ်။ ပြစ်မှုက နိုင်ငံတော်ပုန်ကန်မှုနဲ့ ပုဒ်မတပ်ထားတယ်။ ပုဒ်မတော့ မသိရသေးဘူး။”
ဗိုလ်မှူးချုပ် ၆ ဦးနဲ့ ဗိုလ်မှူးကြီး ၃ ဦး ဖမ်းဆီးခံရအပြီးမှာ တပ်တွင်းစည်းလုံးပြိုကွဲမှုတွေ ဖြစ်နေလို့ စိတ်ဝမ်းမကွဲဖို့ စစ်ခေါင်းဆောင်နှစ်ဦးက ဇန်နဝါရီ ၆ ရက် ညနေက အရာရှိစစ်သည်တွေကို မှာကြားခဲ့ပါတယ်။