ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်ကို စစ်ခေါင်းဆောင်က ရာထူးကဖယ်ရှားပြီး အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ဇန်နဝါရီ ၈ ရက်က ခေတ္တပြောင်းရွှေ့ခန့်ထားပြီး စောင့်ကြည့်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သူ့ကိုလည်း စိုးထွဋ်လိုပဲ နေရာခဏပေးပြီးမှ ဖြုတ်မယ်ထင်တယ်။ အရေးယူဖို့တော့ စစ်ဆေးမှုတွေ စနေတယ်။ တပ်ထဲမှာလည်း သူပြီးရင် ဘယ်သူ့အလှည့်လာမလဲဆိုပြီး တွေးကြောက်နေကြတယ်။”
ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် နေရာမှာ ရေတပ်စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ကာ ရေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေးနန်းစာအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာပြီးနောက် ဗိုလ်ချုပ်ကြီးမိုးအောင်မှာ ရေတပ်စစ်ဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။
ရာထူးကဖယ်ရှားခံရတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ စက်မှု ၁ ဝန်ကြီးဟောင်း ဉီးအောင်သောင်းရဲ့ သားတဦးလည်း ဖြစ်ပါတယ်။
လတ်တလောမှာ ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ မိသားစုဝင်တွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး စခန်းမှူးရုံးခန်းမှာ အစောင့်အရှောက်တွေနဲ့ ထားရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။