ရန်ကုန်မြို့ထဲက ဖုန်းအရောင်းဆိုင်တွေမှာ Keypad ဖုန်းရောင်းချခွင့်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဖုန်းအရောင်းဆိုင် ဖွင့်လှစ်ထားသူတွေထံက သိရပါတယ်။
မိုဘိုင်းဖုန်းရောင်းချသူတွေအနေနဲ့ လက်ရှိမှာ Keypad ခလုတ်ဖုန်းကလွဲပြီး တခြား ဖုန်းအမျိုးအစားတွေကိုသာ ရောင်းချခွင့်ရှိကြောင်းနဲ့ PDF တွေက ခလုတ်ဖုန်း အသုံးပြုကာ ချိန်ကိုက်ဗုံးပြုလုပ်လာတာကြောင့် အခုလို ရောင်းချခွင့် ပိတ်ပင်ထားတာလို့ လသာမြို့နယ်က ဖုန်းနဲ့ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။
“မြို့နယ်ထွေအုပ်နဲ့ ရဲတွေက ပြီးခဲ့တဲ့လလောက်ကစပြီး Keypad ဖုန်းတွေ မရောင်းချဖို့ လာပိတ်သွားတယ်။ ခလုတ်ဖုန်းနဲ့ ချိန်ကိုက်ဗုံးတွေ လုပ်လို့ရတယ်လို့တော့ ကြားထားတယ်။ ကျနော်တို့ ဝယ်ထားတဲ့ ခလုတ်ဖုန်းတွေက အခုဆို တလုံးမှ ရောင်းခွင့်မရတော့ နစ်နာတာပေါ့။ အရင်ကလည်း ဘလူးတုစပီကာတွေ မရောင်းဖို့တားတယ်။ နောက်ထပ် ဘာတွေ ထပ်ပြီးပိတ်ခိုင်းဦးမလဲ မသိတော့ပါဘူး။”
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း Keypad ဖုန်း ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်စစ်ဆေးဖို့ ရန်ကုန်မြို့အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။
လသာမြို့နယ်ထဲက ဖုန်းအရောင်းဆိုင်တွေမှာ Keypad ရောင်းချမှုကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး လသာမြို့နယ် ထွေအုပ်ရုံးကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့ မြို့နယ်တချို့မှာ Bluetooth Speaker နဲ့ ဗုံးဖောက်ခွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီက Bluetooth Speaker ရောင်းချတဲ့ဆိုင်တွေကိုလည်း မရောင်းချဖို့ ပိတ်ပင်တားဆီးထားခဲ့ပါတယ်။