ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြောင်ရွာထဲမှာ လောင်းကစားပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပျူစောထီး ၄ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၇ ရက် နေ့လယ် ၂ နာရီလောက်က ပျူစောထီးတွေ ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ကာ လုံခြုံရေးယူပေးထားတယ်လို့လည်း ဆိုပါတယ်။
သာယာဝတီခရိုင်တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံက “(--) ၅ ကောင်က အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးတယ်။ ကျနော်တို့ပစ်တာကြောင့် မြောင်ရွာက ပျူခေါင်းဆောင် အုပ်ကြီး ကျော်ကိုကို၊ ပျူစောထီး မင်းမင်း၊ ပျူစောထီး မင်းသူအောင် သူတို့ ၃ ဦးရယ်။ (--) ၁ ကောင်က သေနတ်နဲ့ ကျနော်တို့ကို ပြန်ပစ်ရင်း မျက်စိရှေ့တင်သေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းကို ပျူစောထီးခေါင်းဆောင် ဦးကျော်ကိုကိုဦးက လိုင်းကြေးယူကာ လုပ်ဆောင်နေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး လောင်းကစားဝိုင်းမှ လက်လုပ်သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်ကောက်နဲ့ ဆွဲကြိုး ၁ ခုစီ၊ ဖုန်း ၃ လုံး၊ ပိုက်ဆံ ၇၈,၀၀၀ ကျပ်၊ စစ်ယူနီဖောင်း ၈ စုံနဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပျူစောထီး ၄ ဦးရဲ့ ရုပ်အလောင်းတွေကို အဲ့ဒီနေ့ ညနေ ၆ နာရီလောက်မှာ လူနာတင်ယာဉ်တွေနဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အုတ်ဖိုမြို့ခံတဦးက “ညနေဘက်ကြီး လူနာတင်ကားနဲ့ လာသယ်သွားတယ်။ စစ်(--)တွေတော့ မပါဘူး။ အရင်ကဆို အခုလိုတွေဖြစ်ပြီဆို ရွာခံတွေကို လာစစ်တာမျိုးရှိတယ်။ ပရဟိတ အသင်းသားတွေကိုပဲ လွှတ်လိုက်တာ။ အခုက တိုက်ပွဲထပ်ဖြစ်မှာ စိုးလို့လားတော့ မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။