မြောက်ကိုရီးယားစစ်တပ်ဟာ ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ပြောတဲ့အကြောင်း ဇန်နဝါရီ ၇ ရက်က နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA မှာ ထုတ်လွှင့်ပါတယ်။
မြောက်ကိုရီးယားက နှစ်နိုင်ငံခြားထားတဲ့ ရေကြောင်းနယ်နိမိတ်မျဉ်းနားကို အမြောက်ကျည် အချက် ၂၀၀ ကျော် ပစ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်က တောင်ကိုရီးယား စစ်တပ်ကလည်း အဲဒီ အငြင်းပွားရေပိုင်နက် နယ်စပ်အနီးမှာပဲ အမြောက်ကျည် ၆၀ ကျော်ကို တုံ့ပြန်ပစ်ခတ်ခဲ့ပြီးနောက် ကင်မ်ယိုဂျောင်ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။
သူတို့စစ်တပ်မှာ သေနတ်မောင်းဖြုတ်ပစ်ခတ်ဖို့ အဆင်သင့်ပဲလို့လည်း ကင်မ်ယိုဂျောင်က ပြောကြားလိုက်ပြီး အသေးအမွှားလောက် ရန်စလာရင်တောင် ချက်ချင်း ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ အမြောက်ကျည်တွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ ဇန်နဝါရီ ၅ ရက်က ပင်လယ်ပြင်မှာ ပစ်ခတ်လေ့ကျင့်မှု လုပ်ခဲ့ပေမဲ့ စနေနေ့ဖြစ်ရပ်တွေအပြီးမှာ အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ယွန်ဟက်ပ် သတင်းဌာနက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကတော့ စနေနေ့က ပစ်ခတ်မှုကို ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားစစ်တပ်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကို ကြည့်ရှုဖို့ လှည့်စားတဲ့အနေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ပစ်ခတ်လေ့ကျင့်မှုတွေကြောင့် တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းစုတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို ဗုံးခိုဖို့ နေရာအဆောက်အဦတွေ ရှာကြဖို့ သတိပေးမှုတွေ ထုတ်ပြန်ခဲ့ပေမဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမြောက်ကျည်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံချက်တွေတော့ မရှိပါဘူး။
Source/Photo-Reuters