ကိုးကန့်တပ် (MNDAA) ဆီမှာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လောက်ကိုင်) က ဇန်နဝါရီ ၅ ရက်မှာ လက်နက်ချပြီးနောက် တပ်တွင်းစည်းလုံးပြိုကွဲမှုတွေ ဖြစ်နေတာကြောင့် စိတ်ဝမ်းမကွဲကြဖို့ စစ်ခေါင်းဆောင်က အရာရှိစစ်သည်တွေကို မှာကြားနေရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"အခုလို .လုပ်ရတာ တပ်မိသားစုဝင်တွေကြောင့်၊ ဒီအတိုင်းဆက်တိုက်နေရင် တပ်ပြုန်းတီးရာရောက်မယ်၊ မြောက်ပိုင်းသုံးဖွဲ့လိုချင်တဲ့ နယ်မြေပေးပြီး တရုတ်က ကြားဝင်ညှိပေးမယ်၊ နောက်ပိုင်းအေးဆေးဖြစ်သွားမယ်၊ ခေါင်းဆောင်တွေက ကောင်းဖို့လုပ်တာကို အထင်မမှားစေချင်ဘူး၊ ဝါဒဖြန့်ချိမှုတွေနောက်ကို မလိုက်ဖို့ တပ်ချုပ်က ပြောတယ်။"
နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပွဲအပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တိုင်းစစ်ဌာနချုပ်အလိုက် အရာရှိကြီးတွေကို ခေါ်ယူပြောဆိုခဲ့တာလို့ သူကရှင်းပြပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်ကိစ္စတွေမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိသားစုဝင်တွေပါ ရှယ်ယာပါဝင်နေပြီး တရုတ်က အချက်အလက်တွေ ရရှိသွားတာကြောင့် ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို တာဝန်က အနားပေးခဲ့တာလို့ ဗိုလ်မှူးကြီးတဦးရဲ့ ဇနီးနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
"ကာချုပ်မဖြစ်ခင် တြိဂံတိုင်း တိုင်းမှူးတုန်းက ကိုးကန့်က ဘိန်းကုန်သည်တွေ တရုတ်တွေနဲ့ အဆက်အသွယ်ရှိတယ်။ ဟိုအရင် ဒကစမှူးက သူရဲ့ဆရာ ကျားဖြန့်ကိစွ တရုတ်ကသိတော့ မိုးမြင့်ထွန်းကို ဖမ်းတယ်၊ သူကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးကို ကျားဖြန့်မှာပါတဲ့ တရုတ်တွေကို ပတ်စပို့လုပ်ခိုင်းပြီး ထောင်ချပစ်လိုက်တယ်။ အဲ့လိုမှ မချရင် ဖမ်းပြီးတရုတ်ကိုပေးရမှာ။"
ကျားဖြန့်ငွေလိမ်ဂိုဏ်းအပြင် ကိုးကန့်မှာ ဘိန်းစိုက်ပျိုးနေတဲ့ကိစွတွေကို ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်အထိ ဖျက်ဆီးခိုင်းတာမရှိဘူးလို့ ဒကစလောက်ကိုင်မှ အငြိမ်းစားအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ့်။
"တပ်ထဲမှာ စိတ်ဝမ်းကွဲနေတာလည်း မပြောနဲ့။ ရှမ်းမြောက်မှာ ဟန်ပြတိုက်ခိုင်းနေတာ၊ စစ်ကူ ပစ်ကူလည်း မရှိဘူး၊ တမြို့ပြီး တမြို့ပေးနေတာ။ ဒကစလောက်ကိုင်မှာ ထွက်ပြေးတဲ့သူတွေ တပုံကြီး၊ ထွက်ပြေးတဲ့သူတွေက ကျန်ခဲ့တဲ့သူတွေကို စာပို့တယ်၊ တပ်ကနေစွန့်ခွာဖို့။"
လက်တလောမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကို အောက်ခြေအရာရှိစစ်သည်တွေ သိရှိပြီးနောက် ခြေလျင်၊ ခြေမြန်တပ်ရင်းအချို့ရှိ အရာရှိစစ်သည်တွေ ထွက်ပြေးနေကြတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။