စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ခွဲ၊ ခါမ်းပါတ်မြို့နဲ့ကပ်လျက် ကနန်ရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၇ ရက် ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ကနန်ရွာစာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းအနီးက ဒေသခံတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူ အလောင်း ၁၄ လောင်းတွေ့ရှိထားပြီး သေဆုံးသူတွေထဲမှာ ကလေးတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ရှိပြီး ပြင်းထန်သူတွေပါတဲ့အတွက် ပရဟိတအဖွဲ့တွေက ဆေးဝါးကုသမှုပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ပေးနေသူတယောက်က “၁၀ ခွဲလောက်နေမှာ ဘုရားကျောင်း တက်တဲ့ချိန် ဂျက်ဖိုက်တာနဲ့ ၂ ခါလာချတာ၊ စာသင်ကျောင်းနားနဲ့ ဘုရားကျောင်း တဝိုက်ကို ပစ်တာပေါ့။ တိုက်ပွဲဖြစ်တာတွေလည်း မရှိပါဘူး။ အလောင်းကတော့ ကလေးတွေ ပါတယ်။ သားအဖ ၂ ယောက် ပါတယ်။ ၁၇၊ ၁၈ နှစ်၊ ၉ နှစ်၊ ၁၀ နှစ် အရွယ်တွေ ပါတယ်။ ကလေးက ၆ ယောက်လောက် ဖြစ်သွားပြီ။ အလောင်းက အခုထိ စုစုပေါင်း ၁၄ လောင်းဖြစ်သွားပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ကနန်ရွာကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကနန်ရွာမှာ ကူညီပေးနေသူ ကိုခန့်လင်းက “လက်ရှိ ကလေးတွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၀ ဦးကျော်ရှိလာပြီ။ ထိခိုက်ဒဏ်ရာရတာက ၂၀ ကျော်ရှိတယ်။ အသေးစိတ်ကို အချက်အလက်ကောက်လို့ မရသေးဘူး။ စစ်တပ်က အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိကို ပစ်သတ်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကနန်ရွာစာသင်ကျောင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေ သင်တန်းဆင်းပွဲရှိတယ် အထင်နဲ့ စစ်တပ်က လေကြောင်းကနေ လာပစ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပြီး ကနန်ရွာ စသင်ကျောင်းအနီးက လူနေအိမ် အများအပြားလည်း ပျက်စီးသွားတယ်လို့ ခါမ်းပါတ် ပကဖတပ်ဖွဲ့ဝင် ကိုဟောက်ခွါက ပြောပါတယ်။
ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်ကို မေးမြန်းခဲ့ရာမှာတော့ တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာကိုစစ်တပ်က လာရောက်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ကနန်ရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။