Home
မြန်မာသတင်း
ခင်ဦးတွင် စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်ဖမ်းဆီး၊ ခေါဇာရဲစခန်း မီးရှို့ခံရ
DVB
·
January 7, 2024
Khaw Zar Police_07012024
War Victims Khin U_07012024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စိတ်ဝေဒနာရှင်တယောက်ကို စစ်တပ်က ဖမ်းဆီးသွားသလို မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ ခေါဇာမြို့ရဲစခန်း ဒီမနက်မှာ မီးရှို့ခံခဲ့ရပါတယ်။

ခင်ဦးမြို့နယ်မှာ ဒီမနက်က အင်အား ၈၀ ကျော်ပါ စစ်ကြောင်းဟာ ခင်ဦးကနေ သံဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် သံဘိုကျေးရွာက ဒေသခံ ၁,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သံဘိုကျေးရွာသားတယောက်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၆ ရက်နေ့ကလည်း မြင်းဒေါင်းကျေးရွာကနေ ခင်ဦးကို သွားတဲ့လမ်းမှာ ကံသာယာကျေးရွာက စိတ်ဝေဒနာရှင်တယောက်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကံသာယာကျေးရွာသားတယောက်က ပြောပါတယ်။

စိတ်ဝေဒနာသည် အသက် ၃၂ နှစ်အရွယ် ကံသာယာရွာသား မောင်စိုးဟိန်းကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ကံသာယာရွာနေ ဒေါ်ပိန်ရဲ့ အိမ်နဲ့ စပါး တင်း ၈၀၀ လောက် ထည့်ထားတဲ့ စပါးကျီကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းကို ဇန်နဝါရီ ၆ ရက်က ခင်ဦးမြို့အအဝင် သရက်ကန် လက်တံပေါ်အတက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်လို့ စစ်သား ၄ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ ခေါဇာမြို့ရဲစခန်းကို ဒီနေ့မနက်မှာ မီးရှို့လိုက်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“အဲဒီရဲစခန်းမှာ ရဲတွေမရှိတဲ့အချိန်မှာ အလစ်ငိုက်ပြီး စခန်းကို မီးရှို့လိုက်တယ်။ ရဲတွေက မလာရဲကြဘူး။ စခန်းကို မီးရှို့အပြီးမှာ ရဲတပ်ဖွဲ့အလာကို အသင့်စောင့်ဆိုင်းပေမယ့် မလာရဲကြဘူး” လို့ သူက ပြောပါတယ်။

ဒေသခံတယောက်ကလည်း အဲဒီစခန်းမှာ ရဲတွေမနေတာကြာပြီလို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် တုန်းက ခေါဇာရဲစခန်းမှူးနဲ့ တပ်ကြပ်တယောက်၊ တပ်သားတယောက်တို့ကို တိုက်ခိုက်ခဲ့ပြီး သေနတ်အတို ၁ လက်၊ အရှည် ၂ လက်ရခဲ့သလို အဲဒီအချိန်ကစလို့ စခန်းကနေ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားကြတာလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေးတွေ ၂ ဒါဇင်မကကို ပြီးခဲ့တဲ့နှစ်ထဲမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024