Home
မြန်မာသတင်း
ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အနီးသို့ မသွားရန် စစ်ကောင်စီ တားမြစ်
DVB
·
January 7, 2024
Pyin Oo Lwin_07012024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က ဂဲလောင်းချောင်းအနီးတဝိုက်ကို ဖြတ်သန်း သွားလာတာ မလုပ်ကြဖို့ ဇန်နဝါရီ ၆ ရက် ညဘက်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးဘက်က ရပ်ကွက်ထဲမှာ လိုက်လံကြေညာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုကျေးရွာက စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက်မှာ အခုလို တားမြစ်လာတာ ဖြစ်ပါတယ်။

ဒေသခံတစ်ယောက်က “ဂဲလောင်းချောင်းက တပ်မတော်နည်းပညာတက္ကသိုလ် အနောက်ဘက်မှာ ရှိတာ။ ရပ်ကွက်တွေနဲ့ တပ်နယ်နိမိတ်ကလည်း ကပ်နေတာ။ အဲဒီ ဂဲလောင်းချောင်းပဲခြားတော့ တပ်ကို ရှင်းနေအောင် မြင်ရတယ်။ ပစ်ကွင်းရှင်းနေတာပေါ့။ ဒါကြောင့်မို့ သူတို့က စိုးရိမ်နေတာ ဖြစ်လိမ့်မယ်။ သံဘိုနဲ့ကလည်း မေမြို့ကနေဆို မိနစ် ၂၀ လောက်ပဲ ဝေးတော့တာ။ အခုဆို တပ်ထဲမှာ စစ်သားတွေက မရှိသလောက်ဖြစ်နေပြီ။ ခါတိုင်းဆို တပ်ထဲမှာ မီးတွေက ထိန်လင်းလို့ အခုဆို မီးကို မထွန်းတော့တာ” လို့ ပြောပါတယ်။ 

အဲဒီ သံဘိုကျေးရွာစစ်စခန်းဟာ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေတည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်လောက်ပဲကွာဝေးတဲ့ စခန်းတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက အစပြုလို့ မြန်မာနိုင်ငံတဝန်းလုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီးနောက် ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၂၀ ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024