အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံညွန့်ပေါင်းတပ်ဖွဲ့တွေကို အီရတ်နိုင်ငံတွင်းက ဖယ်ရှားဖို့ အစီအစဉ် တွေ အီရတ်အစိုးရက စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဟာမက် ရှီးယား အယ်လ်ဆူဒါနီရဲ့ ရုံးကနေ ဇန်နဝါရီလ ၅ ရက် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ လောက် အီရတ်မှာရှိနေပြီး ဆီးရီးယားမှာလည်း ၉၀၀ လောက် ရှိနေပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ဒီနိုင်ငံ နှစ်နိုင်ငံရဲ့ ဒေသအများအပြားကို အိုင်အက်စ်က သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့ နောက် အဲဒီလို တကျော့ပြန်ဖြစ်မလာစေဖို့ ပြည်တွင်းက တပ်ဖွဲ့တွေကို အကြံပေး၊ ကူညီပေးဖို့ ဆိုတဲ့ မစ်ရှင်အတွက် အမေရိကန်တပ်တွေ အီရတ်နဲ့ ဆီးရီးယားမှာ ရှိနေတာဖြစ်ပါတယ်။
မြို့တော် ဘဂ္ဂဒက်မှာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွခေါင်းဆောင် တဦး သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတွင်း အမေရိကန်ဦးဆောင်တဲ့တပ်တွေ ဖယ်ရှားရေး လုပ်ဆောင် ဖို့ အီရတ်အစိုးရအပေါ် တောင်းဆိုမှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။
အီရတ်မှာ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားမှု အပြီးအပိုင်အဆုံးသတ်ရေး အစီအစဉ် တွေ လုပ်ဆောင်ဖို့ နှစ်ဖက်ပူးပေါင်းကော်မတီတစ်ရပ်စတင်ဖွဲ့စည်းဖို့ အစိုးရက ရက် သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ကော်မတီမှာ ညွန့်ပေါင်းတပ်ဖွဲ့က ကိုယ်စားလှယ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ မကြာသေးမီက အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ်တိုက်ခိုက်မှုတွေ ရှိလာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ကြာသပတေးနေ့က လက်တုန့်ပြန်တိုက်ခိုက်မှုလုပ်ခဲ့တာလို့ အမေရိကန်ကထုတ်ပြန်ထားပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွင်းမှာရှိနေတဲ့ အီရန်နဲ့ချိတ်ဆက်နေတဲ့ ရှီးယိုက်စစ်သွေးကြွအုပ်စုတွေ၊ သူတို့နဲ့ပတ်သက်တဲ့ နိုင်ငံရေးအင်အားစုတွေအပေါ် သက်ဆိုင်ရာနိုင်ငံအသီးသီးက ထိန်းချုပ် ထားနိုင်ခြင်း မရှိပါဘူး။
အီရတ်ဝန်ကြီးချုပ် ဆူဒါနီအနေနဲ့လည်း အီရန်နောက်ခံပြု အင်အားစုတွေရဲ့ ထောက်ခံမှုနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ပြီး အာဏာရလာတာဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေရဲ့ သဘောထားကို မျက်ကွယ်ပြုလို့ မရဖြစ်နေပါတယ်။
Source/Photo - Reuters