အိန္ဒိယရေတပ်ဟာ အာရေဘီယန်ပင်လယ်ထဲမှာ ပြန်ပေးဆွဲခံရတဲ့ ကုန်သည်သင်္ဘောတစင်းမှ အမှုထမ်းတွေကို ဇန်နဝါရီ ၅ ရက်မှာ ကယ်ဆယ်နိုင်ခဲ့ပြီး သင်္ဘောပေါ်မှာ ပင်လယ်ဓားပြတွေကို မတွေ့ခဲ့ရကြောင်း ပြောပါတယ်။
အိန္ဒိယရေတပ်မှ စစ်သင်္ဘောတစင်းဟာ ဆိုမာလီယာကမ်းလွန်ရေမိုင် ၄၆၀ အကွာမှာ လိုက်ဘေးရီးယားအလံ လွှင့်တင်ထားတဲ့ MV လီလာနော်ဖို့ခ် သင်္ဘော ပြန်ပေးဆွဲခံရကြောင်း သတင်းရရှိပြီး နောက်မှာ ၁ ရက်အတွင်း သင်္ဘောနောက်ကို လိုက်ပြီး ကြားဖြတ်ဟန့်တား နိုင်ခဲ့ပါတယ်။
အိန္ဒိယရေတပ်မှ ဗီဒီယိုမှာ လူတွေဟာ သင်္ဘောကို ချဉ်းကပ်လာပြီး ကုန်းပတ်ပေါ် တက်လာခဲ့ကာ အပေါ်ထပ် ထိန်းချုပ်ခန်းကို သွားရောက်ကြပုံကို ပြထားပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ လက်နက်ကိုင် ၅ ဦး- ၆ ဦး လောက်ဟာ ရေယာဉ်ပေါ်ကို တက်ရောက် လာကြပြီး သင်္ဘောအမှုထမ်းတွေဟာ သင်္ဘောရဲ့ စီတာဒလ် အကာအကွယ်ခန်းမှာ စုဝေးခဲ့ကြ ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေး (UKMTO) အေဂျင်စီမှ ရရှိတဲ့ အစီရင်ခံစာအရ သိရပါတယ်။
အိန္ဒိယလူမျိုး ၁၅ ဦး အပါအဝင် သင်္ဘောပေါ်ပါ သင်္ဘောသား ၂၁ ဦးစလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့ပါတယ်။
စစ်သင်္ဘောတစင်းဟာ စွမ်းအင်ပြန်လည်ရရှိဖို့ ကူညီပေးခဲ့တာကြောင့်လည်း သင်္ဘောဟာ သူ့ရဲ့ခရီး ကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ ဘာရိန်းနိုင်ငံရှိ ခါလီဖှာ-ဘင်န်-ဆလ်မန် ဆိပ်ကမ်းကို ဦးတည်သွားနေတာ ဖြစ်ကြောင်း ဗြိတိန် ရေကြောင်းလုံခြုံရေးကုမ္ပဏီ အမ်ဘရီ ရဲ့ ပြောကြားချက်အရ သိရပါတယ်။
Source/Photo - Reuters