ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝစခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အိန္ဒိယနယ်စပ်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှင်းလက်ဝ စခန်းသိမ်းတိုက်ပွဲတုန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၀ လောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေကရှာဖွေရင်း ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ တိုက်ပွဲ စတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပလက်ဝမြို့နယ် ရှင်းလက်ဝစခန်းကုန်းကို ရက္ခိုင့်တပ်တော် အေအေ နဲ့ မရာ လဲန်း ကာကွယ်ရေးတပ်(MDF) တို့က ဇန်နဝါရီ ၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တဲ့ အတွက် စစ်ကောင်စီတပ်သားတွေ တောတောင်တွေထဲ ထွက်ပြေးကုန်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် အေအေနဲ့ MDF တပ်ဖွဲ့တွေက အိန္ဒိယ-မြန်မာ နယ်စပ်တောထဲမှာ ရှာဖွေနေကြရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား တချို့ကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းက လိုပုရွာနဲ့ ခိုင်ခေကျေးရွာဘက်ကို ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်သား တချို့နဲ့တော့ တောထဲမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
MDF ပြန်ကြားရေးတာဝန်ခံက “၁၀ ယောက်နီးပါးကိုတော့ ဖမ်းပြီးထိန်းသိမ်းထားတယ်၊ ဟိုပြေးသည်ပြေးနဲ့ တောထဲမှာ ကျန်တဲ့သူတွေကို ရှာနေတယ်၊ အိန္ဒိယဘက် ပြေးကြတာတွေလည်း ရှိတယ်။ တိုက်ပွဲက တောထဲမှာဖြစ်တာ။ နယ်စပ်တောထဲမှာ။ ပြည်သူတွေ ဆိုင်ကယ်နဲ့ အသွားအလာရှိတယ်။ သူတို့ကိုလည်း မလာဖို့ သတင်းထုတ်ထားတယ်” လို့ ပြောပါတယ်။
မရာနယ်မြေ ပထိန်တလန်တိုက်နယ်နဲ့ မော်တာလန်တိုက်နယ်အတွင်းက ကျေးရွာတွေမှာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာရေးနဲ့ ရပ်ရွာမှာ နေထိုင်ရေး သတိထားဖို့ MDF က ထုတ်ပြန်ထားပါတယ်။