Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းလယ်ကျွန်းဝင်တိုက်ပြီး ယာဉ်မောင်းသေဆုံး
DVB
·
January 6, 2024
Acc 612024

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အိမ်စီးကားတစီး ဇန်နဝါရီ ၅ ရက် ညနေပိုင်းက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီး ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့တယ်လို့ ပလွေး အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၁၈၄ မိုင်၊ ၄-၅ ဖာလုံကြားမှာ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Kluger အဖြူရောင်ကားဟာ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့တာပါ။

ပလွေး အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တယောက်က “ကားက ဘီးပေါက်ပြီး လမ်းလယ်ကျွန်းမှာရှိတဲ့ ခရေပင်နဲ့ ထန်းပင်တို့ကို ဝင်တိုက်လာတာပါ။ ကားပေါ်မှာတော့ အသက် ၄၀ လောက်ရှိတဲ့ ယာဉ်မောင်းတဦးပါတာပါ။ ဖြစ်ဖြစ်ချင်း ဒဏ်ရာ တော်တော်ပြင်းတယ် ဆိုပေမယ့် ယာဉ်မောင်းက မသေသေးဘူး။ ကျနော်တို့ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကို ပို့နေတဲ့လမ်းမှာ သေဆုံးသွားတာပါ” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို ပလွေး အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပလွေး အမြန်လမ်းရဲစခန်းက စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီခဲ့ပြီး လူနာကို ရွှေဂုံသုခ ပရဟိတအသင်းပိုင်ကားနဲ့ နေပြည်တော်ခုတင် ၁၀၀၀ ကို ပို့ဆောင်နေတုန်း သေဆုံးခဲ့ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၃၁၆ မိုင်၊ ၂ နဲ့ ၁ ဖာလုံကြားမှာ ဇန်နဝါရီ ၁ ရက်နေ့ကလည်း မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်အဖြူရောင်ကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘေးဘယ်ရီယာတုံးကို ဝင်တိုက်ခဲ့တာကြောင့် ကလေး ၁ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024