မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်အနီးမှာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ ရှင်မတောင်ပေါ် ရိက္ခာပို့တဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်ကစပြီး ရေစကြို ခလရ ၂၅၈ တပ်ကနေ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်က ရှင်မတောင် အထိုင်တပ်စခန်းကို ရိက္ခာပို့ဖို့ ချီတတ်လာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ထိတွေ့မှုဖြစ်တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ တကြိမ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ တကြိမ် ရှင်မတောင်နဲ့ အနီးတဝိုက်ကို Mi35 လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပခုက္ကူခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက “၂၅၈ တပ်ကနေ ရှင်မတောင်ကို ရိက္ခာပို့တဲ့ စစ်ကြောင်းပေါ့၊ ၃ ရက်နေ့မှာ ရှင်မတောင်ပေါ်တက်ဖို့ လုံးပန်းနေတဲ့အချိန်မှာ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့။ ရဲဘော်တွေ မျက်မြင်ကနေ ပစ်ခတ်ရင်းနဲ့ လဲကျပြီး သေတာတော့ စစ်ကောင်စီဘက်က ၇ ယောက် ကျတယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်ကြောင်းတက်လာတဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး ရှင်မတောင်အနီးဝန်းကျင်က ယာကြီးကုန်း၊ ထန်းတို၊ ကျောက်ကာ စတဲ့ ကျေးရွာ ၃ ရွာက ပြည်သူ ၁,၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြည်သူတွေဟာ နီးစပ်ရာ တောတောင်တွေမှာ စစ်ဘေးရှောင်နေကြရပြီး စစ်ကြောင်းက ရှင်မတောင်ပေါ်က ပြန်မဆင်းလာသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၃ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။