မွန်နဲ့ ကရင်ပြည်နယ် နယ်စပ်အနီး ကျေးရွာက ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူတွေဟာ လုပ်ငန်းခွင် ဝင်ရောက်ရာမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး သွားရောက်နေရတဲ့အပြင် မကြာခဏ ဂိတ်ပိတ်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က အဘစ်-ခလယ်တံခွန်တိုင် လမ်းကြောင်းကို မကြာခဏ ပိတ်ဆို့တာကြောင့် ရာဘာစေးခြစ် သွားရောက်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒေသအခြေအနေ တင်းမာရင် သူတို့ ဂိတ်ပိတ်လိုက်တယ်။ ပေးမဖြတ်ဘူး။ အရင် ပုံမှန်အချိန်တုန်းကဆိုရင် ရာဘာအစေးခြစ်ရင် ကိုယ်ကြိုက်တဲ့အချိန် ထသွားလို့ရတော့ အဆင်ပြေတာပေါ့။ စစ်ဆေးရေးဂိတ် ဖြတ်ကျော်ပြီးမှ အစေးခြစ်ရတော့ သူတို့ သတ်မှတ်ထားတဲ့အချိန်၊ ခွင့်ပြုမှပဲ သွားရတယ်၊ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အခက်အခဲဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို စစ်ကောင်စီက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့အပြင် နှစ်ဖက်တိုက်ပွဲတွေနဲ့ အဘစ်အခြေစိုက် ၃၁၈ အမြောက်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် နေထိုင်စားသောက်ရေးမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကုန်ဈေးနှုန်းကကြီး စားသောက်ရေးလည်း ပိုကြပ်လာတယ်။ ညညဆို ကရင်ဘက်က သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အဲ့လိုကြားရင် ခြံထဲမှာ တိတ်တိတ်လေး ပုန်းခိုနေရတာ ကြောက်လန့်နေကြတာ မလှုပ်ရဲဘူး။ ကြောက်လို့ အိမ်ပြန်ချင်လည်း ပြန်လို့မရဘူး။ ဂိတ်က မနက် ၆ နာရီမှ ဖွင့်တယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းနဲ့ ရာဘာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၅ သိန်းကျော်၊ ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၃ သိန်းနီးပါးရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဘာအထွက်နှုန်း သိသိသာသာ လျော့နည်းလာတယ်လို့ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဆီက သိရပါတယ်။