ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်တွဲကားတွေ မောင်းနှင်နေတဲ့အတွက် ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်နေပြီး သတိထားမောင်းနှင်ကြဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇန်နဝါရီ ၄ ရက်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နဲ့ ဖြူးမြို့ကြားရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကညွတ်ကွင်းတံတား (ကွင်းချောင်းတံတား) မိုင်းခွဲဖျက်ဆီးခံရပြီး အမြန်လမ်းပေါ် ကုန်ကားအများအပြား ဖြတ်သန်းသွားလာနေတဲ့အတွက် ယာဉ်တိုက်မှုတွေ မဖြစ်ပေါ်စေဖို့ အခုလို သတိပေးမှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
နေပြည်တော်မြို့မှ ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက “ပုံမှန် ဒီလမ်းမကြီးပေါ်မှာက ယာဉ်တိုက်မှု မကြာခဏဆိုသလို ဖြစ်နေတာ။ အခုလို ကုန်ကားတွေပါ တက်မောင်းတော့ အန္တရာယ်မဖြစ်ရအောင် အသင်းကားတွေ လမ်းတဖက်တခြမ်းမှာ ထိုးထားရတယ်။ ဒီနေ့လည်း ယာဉ်တိုက်မှု ၂ ကြိမ်လောက်ဖြစ်တယ်။ ယာဉ်အန္တရာယ် ကင်းရှင်းဖို့အတွက် ကီလိုလျေှာ့မောင်းစေချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကုန်တင်ယာဉ် တွဲကား၊ ဆီဘောင်ဆာကားကြီးတွေ၊ ၁၂ ဘီးနဲ့ ၆ ဘီးကားတွေ အမြန်လမ်းပေါ်မှာ မောင်းနှင်သွားလာနေတဲ့အတွက် သတ်မှတ်ထားသော ကီလို ၁၀၀ အောက် မောင်းနှင်ကြဖို့၊ လူမှုကူညီရေးအသင်းတွေက လမ်းမကြီးဘေးဘက်ခြမ်းမှာ လူနာတင်ယာဉ်တွေကို ထားရှိထားတယ်လို့ သိရပါတယ်။
ကုန်တင်ယာဉ်မောင်း ကိုစိုးကြီးက "ကညွတ်ကွင်း တံတားပျက်စီးနေတော့ အမြန်လမ်းကပဲ တက်မောင်းရတာ။ မနက်ပိုင်းလောက်ထဲက အဲ့ဒီတံတားဖြတ်မရတော့ ညနေဘက်မှ အမြန်လမ်းက ဖြတ်လို့ရတယ်ဆိုလို့ မောင်းကြတာ။ ဖြူးမြို့နယ် လုံခြုံရေး တာဝန်ရှိတဲ့သူတွေနဲ့ ယာဉ်ထိန်းရဲတွေက ဖြတ်သန်းခွင့်ပြုတာပါ" လို့ ပြောပါတယ်။
အမြန်လမ်းမှာ ယာဉ်ကြောကျဉ်းတဲ့အတွက် လမ်းအလယ်ပိုင်းကိုသာ အဂိကထား မောင်းနှင်နေကြရပြီး ကုန်တင်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်နေမှုကြောင့် ဇန်နဝါရီလ ၅ ရက်နေ့အထိ ယာဉ်တိုက်မှု ၈ ကြိမ်ထက်မနည်းရှိခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၄ ဦး သေဆုံးခဲ့ပါတယ်။