ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ကျေးရွာက နေအိမ်တွေကို စစ်တပ်က ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီလောက်မှာ မီးရှို့ခဲ့တယ်လို့ ပေါင်းတည် မြို့နယ် ပကဖက သိရပါတယ်။
ပေါင်းတည်မြို့နယ်ပကဖ တာဝန်ရှိသူက “အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားက ၂၀ ကျော် လောက် ရှိမယ်။ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာ။ အိမ်က ၂၀ လုံး၊ စပါးကျီ ၂လုံး မီးလောင်ဆုံးရှုံးခဲ့တယ်”လို့ ပြောပါတယ်။
ရွာထဲကနေအိမ်ကို စစ်တပ် မီးရှို့နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ပေမဲ့ နေအိမ်တချို့ မီးလောင်ခဲ့ရပြီး စစ်တပ်က သစ်ပုတ်တာဝါတိုင် အထိုင်စခန်းဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ် လို့ ဆိုပါတယ်။
မီးရှို့ခံရမှုကြောင့် တောင်ခမောက်ကျေးရွာအိမ်ထောင်စု ၂၁ စု၊ အမျိုးသား ၂၀ နဲ့ အမျိုးသမီး ၂၉ ဦး ကလေး ၁၀ ဦး စုစုပေါင်း ၅၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အကူအညီလိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။