Home
မြန်မာသတင်း
ပလက်ဝတွင် စစ်ကောင်စီဌာနဆိုင်ရာရုံးများပိတ်၊ ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေး
DVB
·
January 5, 2024
Paletwa Hospital_05012024

ချင်းပြည်နယ်၊ ပလက်ဝမြို့တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပလက်ဝမြို့ပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ ပိတ်လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ ပလက်ဝဆေးရုံက ဆရာဝန်တွေ ထွက်ပြေးသွားတဲ့အတွက် ဆေးရုံပိတ်ထားရပြီး မြို့ခံတွေ ဆေးကုသဖို့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာန အပါအဝင် ဌာနဆိုင်ရာရုံး၊ စာသင်ကျောင်းနဲ့ ဘဏ်တွေအားလုံး ပိတ်ထားလိုက်ပြီလို့လည်း မြို့ခံတွေက ဆိုပါတယ်။

ပလက်ဝမြို့ခံတဦးက “တိုက်ပွဲတွေဖြစ်နေတော့ ထိခိုက်ဒဏ်ရာရမှာစိုးလို့ ဆရာဝန်တွေက ဆေးရုံပိတ်ပြီး ထွက်ပြေးသွားတယ်။ လောလောဆယ် ပလက်ဝမြို့က လူ ၇၀ ရာခိုင်နှုန်းက မြို့ထဲမှာမရှိတော့ဘူး။ ရခိုင်တွေက ရခိုင်ဘက်ပြေးကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက ရန်ကုန်ဘက် ပြောင်းကြတယ်။ အမျိုးအဆွေတွေရှိတဲ့ နယ်ဘက်တွေ ပြောင်းနေကြတယ်” လို့ ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့ပေါ်မှာ ကျန်ရှိတဲ့လူတွေက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ လူစုပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ ၃ ရက်က လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ပလက်ဝမြို့နယ် ချင်းလက်ဝ (ရှင်းလက်ဝ) စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီစခန်း တခုမကျန် သိမ်းပိုက်သွားမယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024