မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဒုံးကျည်မျိုးစုံကို ပစ်လွှတ်နိုင်တဲ့ ယာဉ်တွေကို ထုတ်လုပ်မှုမြှင့်တင်ဖို့ တိုက်တွန်းခဲ့ပြီး ရန်သူနဲ့ရင်ဆိုင်ရာမှာ စစ်ရေးအရ အသေးစိတ်စစ်ဆေးမှုကို ပြင်ဆင်ဖို့အတွက် အရေးကြီးကိစ္စလို့ ခေါ်ဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လောင်ချာတပ်ဆင်သယ်ယူရေးယာဉ် (TEL) ထုတ်လုပ်ရေးစက်ရုံကို လာရောက်ကြည့်ရှု စစ်ဆေးရင်း ကင်မ်ဟာ နည်းဗျူဟာကျကျနဲ့ ဗျူဟာမြောက်လက်နက်တွေအတွက် မော်တော်ယာဉ်မျိုးစုံကို ထုတ်လုပ်ခြင်းဟာ နိုင်ငံရဲ့ နျူးကလီးယားစစ်ပွဲ အဟန့်အတားကို အားကောင်းလာစေဖို့အတွက် အဓိကလုပ်ငန်းဖြစ်တယ်လို့ ပြောသွားကြောင်း KCNA သတင်းဌာနက ထုတ်လွှင့်ပါတယ်။
မကြာသေးခင်ကပဲ မြောက်ကိုရီးယားဟာ ရုရှားကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ လောင်ချာတွေ ထောက်ပံ့ခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၄ ရက်မှာ ပြောကြားသွားပြီးနောက် နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာမှာ ဒီသတင်း ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်ရေးစွမ်းရည်တွေ တိုးတက်မြင့်မားလာစေဖို့ ရုရှားရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် အတုံ့အပြန်အနေနဲ့ မော်စကို ကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးအပ်နေကြောင်း ဝါရှင်တန်က စွပ်စွဲထားပေမဲ့ မြောက်ကိုရီးယားက ငြင်းဆိုပါတယ်။
Source/Photo-Reuters