အစ္စရေး-ဟားမတ်စ် စစ်ပွဲအလွန် အနာဂတ် ဂါဇာကမ်းမြောင်အုပ်ချုပ်ရေး အစီအစဉ် အဆိုပြုချက်ကို အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂဲလန့်က ဇန်နဝါရီ ၄ ရက်မှာ ချပြခဲ့ပါတယ်။
ဒီနယ်မြေမှာ ပါလက်စတိုင်းတို့ရဲ့ အုပ်ချုပ်မှုဟာ အကန့်အသတ်နဲ့သာ ရှိတော့မယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဟားမတ်စ်တွေ ဂါဇာကို ဆက်ချုပ်ကိုင်နိုင်တော့မှာ မဟုတ်သလို အစ္စရေးက လုံခြုံရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့လည်း ဖြည့်ပြောသွားပါတယ်။
ဒီအစီအစဉ်ချပြတဲ့အချိန်မှာပဲ ဂါဇာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူဒါဇင်ချီ သေဆုံးတယ်လို့ ဟားမတ်စ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဒီတပတ်တည်း အရှေ့အလယ်ပိုင်းကို လာဖို့ရှိနေပြီး အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိသလို အစ္စရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မှာ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဆာလား အယ်လ်အရိုရီ လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း ဒေသတွင်းအခြေအနေပါ တင်းမာနေချိန်မှာ ဘလင်ကန် ရောက်ရှိလာတာ ဖြစ်ပါတယ်။
အယ်လ်အရိုရီကို လုပ်ကြံတာ အစ္စရေးလက်ချက်လို့ စွပ်စွဲထားကြပေမဲ့ အစ္စရေးဘက်က ဝန်လည်းမခံသလို ငြင်းလည်းမငြင်းပါဘူး။
အစ္စရေးကာကွယ်ရေးဝန်ကြီး ချပြတဲ့ လေးပွင့်ဆိုင် အစီအစဉ်အရ အစ္စရေးက ဂါဇာကမ်းမြောင်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို ဆက်လက်ထိန်းချုပ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံစုံပါဝင်တဲ့ အဖွဲ့ကြီးက နယ်မြေပြန်လည်တည်ဆောက်ရေးကို တာဝန်ယူမှာဖြစ်ပြီး အီဂျစ်ကလည်း အသေးစိတ်မဖော်ပြထားတဲ့ ကဏ္ဍကနေ ပါဝင်မှာဖြစ်ပါတယ်။
နယ်မြေအုပ်ချုပ်ရေးကိုတော့ ပါလက်စတိုင်းတွေကပဲ တာဝန်ယူရမယ်လို့ ဂဲလ်လန့်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters