Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
DVB
·
January 5, 2024
malay 512024

မလေးရှားနိုင်ငံ၊ မာလကာပြည်နယ်ထဲမှာရှိတဲ့ ကမ်းနားတွေမှာ တရားမဝင်ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသား ၈ ဦးအပါအဝင် ၃၆ ဦးကို ဇန်နဝါရီ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မာလကာလူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

မာလာကာပြည်နယ်ရှိကမ်းနားမှာ နိုင်ငံခြားသားတွေ အ‌စား‌အသောက်ရောင်းချနေတဲ့ ဈေးဆိုင်တွေ ဖွင့်ထားတယ်ဆိုပြီး သတင်းရတာကြောင့် မနေ့မွန်းလွဲ ၂ နာရီက မာလာကာလူဝင်ကြီးကြပ်ရေးအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသား ၇၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား ၇၀ ထဲမှ အထောက်အထားစာရွက်စာတမ်းပါရှိတဲ့ ၃၄ ဦးကို ပြန်လွှတ်ပြီး အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆ ဦး၊ သီရိလင်္ကာ ၅ ဦး နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၇ ဦးတို့ကို မလကာလူဝင်ကြီးကြပ်ရေးဌာနကို ခေါ်ဆောင်ခဲ့ပါတယ်။

မလေးရောက်မြန်မာနိုင်ငံသားတဦးက "မလေးလဝက တနေ့ ၂ ပြည်နယ်လောက်ကို စီမံ‌ချက်တွေနဲ့ ဝင်ဖမ်းနေတာ။ ဒီရက်တွေမှာ အပြင်မထွက်တာက အ ကောင်းဆုံးပါပဲ။ နောက်ပြီးရှောင်သင့်တာက ကိုယ်နေတဲ့နေရာမှာ ရန်ဖြစ်တာတို့ ဆူဆူညံညံလုပ်တာတွေပါ။ ဒီရက်ပိုင်း ဖမ်းဆီးခံရတဲ့ မြန်မာတွေက ၂၀၀ ကျော်နေပြီ။ နောက်ပြီး မလေးမှာ ကူညီပေးတဲ့အဖွဲ့ဆိုပြီး သီးသန့်မရှိလို့ ဂရုစိုက်သင့်ပါတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိတာနဲ့ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့အတွက် လူဝင်မှုကြီးကြပ်ဥပဒေနဲ့ အရေးယူသွားမယ်လို့ မာလာကာလူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာလည်း ဇန်နဝါရီ ၃ ရက်က တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးအပါအဝင် နိုင်ငံခြားသား ၂၈ ဦးကို မလေးလူဝင်ကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024