မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ လောင်ချာတွေ မကြာသေးခင်ကပဲ ထောက်ပံ့ပေးခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်အသစ်ကို ကိုးကားပြီး ဇန်နဝါရီ ၄ ရက်မှာ အိမ်ဖြူတော်က ပြောပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီ မြောက်ကိုရီးယား ဒုံးကျည်တွေထဲက ၁ စင်းထက်မနည်း ယူကရိန်းဘက်ကို ပစ်လွှတ်ခဲ့ရာမှာ ဇာပိုရစ်ချ်ဇီယာဒေသရှိ ကွင်းပြင်တခုမှာ ကျရောက်ခဲ့တယ်လို့ အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်မှာလည်း ရုရှားဟာ သူ့ရဲ့ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုထဲက တစိတ်တပိုင်း အပါအဝင် ယူကရိန်းထဲကို မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့ကြောင်းနဲ့ နောက်ထပ် ဒုံးကျည်တွေရဲ့ သက်ရောက်မှုတွေကို အကဲဖြတ်နေတုန်း ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒါဟာ ရုရှားအတွက် မြောက်ကိုရီးယားရဲ့ အထောက်အပံ့ သိသိသာသာ တိုးလာတာနဲ့ သက်ဆိုင်နေပြီး သူ့ရဲ့ ဒီအထောက်အပံ့အတွက် ပြုံယမ်းဟာ တိုက်လေယာဉ်တွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ သံချပ်ကာယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေး ပစ္စည်းကိရိယာတွေနဲ့ တခြားအဆင့်မြင့်နည်းပညာတွေ အပါအဝင် ရုရှားဆီက စစ်ရေးအကူအညီကို ရယူနေတယ်လို့ အကဲဖြတ်နေကြောင်းလည်း ဂျွန်ကာဘီက ပြောပါတယ်။
ဒါဟာ မြောက်ကိုရီးယားအတွက် လုံခြုံရေးအရ သက်ရောက်မှုရှိမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် စိတ်မကောင်းဘူးလို့လည်း ဆိုပါတယ်။
ရုရှားဟာ အီရန်ကနေ ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ ရည်ရွယ်ထားတာကြောင့် အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မဟာမိတ်တွေ၊ မိတ်ဘက်တွေနဲ့ လုပ်ငန်းအဆင့်ပေါင်းများစွာ လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့အတူ တိုးတက်မှုရှိအောင် မြှင့်တင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောသွားပါတယ်။
Source/Photo-Reuters