တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဟာ မြို့ပြအထိ တိုက်ပွဲတွေ ဖော်ဆောင်လာလို့ အရာရှိ၊ စစ်သည်တွေသတိထားကြဖို့နဲ့ ဇနီးမယားတွေလည်း ကာကွယ်ရေးတာဝန်ကို အလုပ်နဲ့သက်သေပြကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ဇန်နဝါရီ ၄ ရက် နေ့လယ်က ပြုလုပ်တဲ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
"တိုက်ပွဲတွေက အရင်ကလို တောထဲ တောင်ထဲမှာမဟုတ်ဘဲ မြို့ပြမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေပါ လာတိုက်တဲ့ အဆင့်ထိ ဖြစ်လာတယ်။ စစ်နယ်မြေပိုကျယ်လာတယ်။ ဒါကြောင့် အရာရှိစစ်သည်တွေအနေနဲ့ သတိထားသင့်တယ်။”
ယနေ့ခေတ်အခြေအနေမှာ ဘက်စုံစစ်ပွဲ သဘောတရားတွေကြောင့် တိုက်ပွဲတွေဟာ တောတောင်တွေအတွင်းမှာသာ တိုက်ခိုက်ကြရတာမဟုတ်တော့ဘဲ မြို့ပြနေရာတွေအထိ ဆင်နွှဲလာလို့ ရှေ့တန်းနယ်မြေဟာ ပိုမိုကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိ၊ စစ်သည်တွေရဲ့ ဇနီးမယားတွေအနေနဲ့ ပါရမီဖြည့် ဖက်တွေ ဆောင်ရွက်ရမယ့်အတိုင်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြ ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က မှာကြားပါတယ်။
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့)တွေကို ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း၊ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း၊ ဒုဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုး၊ ဒုဗိုလ်မှူးကြီး သူရိန်၊ ဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ ဗိုလ်ကြီးသက်ပိုင်ထက်တို့ ကိုယ်စား မိသားစုဝင်တွေကို စစ်ခေါင်းဆောင်က ပေးအပ်ခဲ့ပါတယ်။
PHOTO-MOI