စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီလောက်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ဘာသာရေး အဆောက်အဦ၊ စာသင်ကျောင်း၊ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “အရင်ဆုံး တံတားဦးကနေ လေယာဉ်တက်လာတယ်ဆိုတဲ့ သတင်းက အရင်ဆုံးရတယ်။ ကိုယ့်ရွာမှာ ဘာမှလည်းမရှိဘူးဆိုတော့ ဘာမှမလုပ်လောက်ဘူး ထင်နေတာ။ ခဏနေတော့ လေယာဉ်ရောက်လာပြီး စာသင်ကျောင်းအနီးကို ပေါင် ၂၀၀ ဗုံးနှစ်လုံး ပစ်ချတော့တာပဲ။ နောက်ပြီး Rocket နှစ်လုံးနဲ့လည်း ပစ်တယ်။ အဲလိုပစ်လို့ ဘုန်းကြီးကျောင်းက ကားဂိုထောင်၊ စာသင်ကျောင်းက ဘော်ဒါဆောင် ၂ လုံး၊ အုတ်တံတိုင်းနဲ့ လူနေအိမ် ၅ လုံး ပျက်စီးတယ်။ နောက်ပြီး ရွာက အသက် ၅၃ နှစ်အရွယ် အဘွားအိုတဦး၊ ၄၇ နှစ်အရွယ်တဦး၊ ၂၇ နှစ်အရွယ် အမျိုးသမီးတဦး၊ ၂၃ နှစ်တဦး၊ ၅ နှစ်အရွယ် ကလေးငယ်တဦး၊ စုစုပေါင်း ၅ ဦး နေရာတင် သေဆုံးတယ်ဗျ။ နောက်ထပ် ဒဏ်ရာရတာက ၁၀ ဦးရှိတယ်ဗျ။ အဲထဲက ၅၀ အရွယ် တဦးနဲ့ ၂၇ နှစ်အရွယ် တဦးက ဒဏ်ရာကပြင်းထန်လို့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။
အဆိုပါ စိန်းနန်းရွာဟာ တန့်ဆည်မြို့နယ် အနောက်မြောက်ခြမ်းနဲ့ ကျွန်းလှမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ စစ်ကိုင်းတိုင်းအတွင်းမှာ မြေပြင်စစ်ကြောင်းထိုးလာတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် မြေပြင်ကနေ စစ်ကြောင်းမထိုးတော့ဘဲ ဝေဟင်ကနေ ထင်ကြေးနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေကျေးရွာတွေဆီ ပစ်ခတ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေလည်း တနေ့တခြား တိုးလာနေတယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက အထိုင်ချထားပြီး ရွာခံ ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ ခင်ဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ ရေဦးမြို့နယ်ဘက်က အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက မူးမြစ်ကို ခြေလျင်ကူးပြီး ခင်ဦးနယ်ဘက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ရေဦး-ခင်ဦးကားလမ်းဘေးက အင်တိုင်းရွာ(မြောက်)နဲ့ မြင်းဒေါင်းကျေးရွာတွေက သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ်နဲ့ တောင်ယာမှာ အလုပ်လုပ်နေသူ ၃၀ နီးပါး ရုတ်တရက် ဖမ်းဆီးခံလိုက်ရတာပါ။
ခင်ဦးမြို့နယ် စစ်ဘေးရှောင် တာဝန်ရှိသူက “ဖမ်းခံရသူတွေက သူတို့နဲ့အတူ ရှိနေတယ်ပေါ့။ လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ အနေအထားပေါ့။ မြင်းဒေါင်းမှာ တပ်ထိုင်ထားတာ ၂ ညအိပ် ရှိသွားပါပြီ။ အဖမ်းခံရသူတွေက စစ်ကြောင်းက သူတို့ဆီလာမယ်မထင်လို့ ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ကပ်နေရင်း မိကြတာပေါ့” လို့ ပြောပါတယ်။
စစ်ကြောင်းကြောင့် မြင်းဒေါင်းကျေးရွာ အပါအဝင် မကျီးအုပ်၊ မြင်းကျ၊ ယာတော၊ သရက်ပင်စု၊ အင်တိုင်းရွာ(မြောက်)တို့က ဒေသခံ ၈,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေကြရဆဲဖြစ်ပြီး ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။