ဒုံးကျည်စမ်းသပ်မှုတွေ၊ စစ်ရေးပြအခမ်းအနားတွေမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ တွေ့ရလေ့ရှိတဲ့ သမီးဖြစ်သူ ကင်ဂျူအယ်ဟာ ခေါင်းဆောင်နေရာ ဆက်ခံဖို့ ဖြစ်နိုင်ခြေအရှိဆုံးသူ ဖြစ်တယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIS) က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၁၀ နှစ်ဝန်းကျင်သာရှိသေးတဲ့ ကင်ဂျူအယ်ဟာ လက်ရှိခေါင်းဆောင်ရဲ့ ဒုတိယမြောက်ရင်သွေး ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်နေရာ ဆက်ခံမှုနဲ့ပတ်သက်ပြီး NIS က လွှတ်တော်ကို တင်ပြရာမှာ အခုလိုသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
ကင်ဂျူအယ်ကို ၂၀၂၂ ခုနှစ် နှောင်းပိုင်းကတည်းက သူ့ဖခင်နဲ့အတူ လူမြင်ကွင်းမှာ တောက်လျှောက်တွေ့ရတာ ဖြစ်ပါတယ်။
စစချင်း လူမြင်ကွင်းထွက်ပြီးနောက်ပိုင်း ကင်ဂျူအယ်ရဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အခမ်းအနားတွေမှာ ပါဝင်မှုတွေ၊ သူ့အပေါ်မှာ တလေးတစားဆက်ဆံတဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်ရရင် အဖြစ်နိုင်ဆုံး ဆက်ခံသူပဲဆိုတာ ထင်ရှားလာပါတယ်လို့ NIS က သုံးသပ်ပါတယ်။
ဒါပေမဲ့ ကင်မ်ဂျုံအန်းက အသက်သိပ်မကြီးသေးသလို ကျန်းမာရေးပြဿနာလည်း ကြီးကြီးမားမား မရှိတဲ့အတွက် ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေမှာ အခုအခါ ကင်ဂျူအယ်ကို “ချစ်လှစွာသော” လို့ မရည်ညွှန်းတော့ဘဲ “လေးစားအပ်သော” လို့ သုံးလာတာကို မြောက်ကိုရီးယားအရေး စောင့်ကြည့်သူတွေ သတိပြုမိကြပါတယ်။
ကင်မ်ဂျုံအန်းတုန်းကလည်း ဆက်ခံသူအဖြစ် လျာထားခံရပြီး နောက်ပိုင်းမှ “လေးစားအပ်သော ရဲဘော်” ဆိုတဲ့ အသုံးအနှုန်းနဲ့ ဖော်ပြတာဖြစ်ပါတယ်။
ကင်ဂျူအယ်သာ ဆက်ခံနိုင်ခဲ့မယ်ဆိုရင် စတုတ္ထမြောက် ကင်မ်မျိုးဆက်ခေါင်းဆောင် ဖြစ်လာမှာပါ။
Source/Photo-Reuters