ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီ ၄ ရက် ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီးငယ်တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာကို မနေ့ည ၈ နာရီ ၁၀ မိနစ်လောက်မှာ ရသေ့တောင်အခြေစိုက် စစ်ကောင်စီရဲ့ ရေစိုးချောင်းဗျူဟာကနေ လက်နက်ကြီးနဲ့ ၄ လုံးလောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးလာရှောင်နေတဲ့ ရေစိုးချောင်းရွာက အမျိုးသမီးတယောက် နေရာမှာတင် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့သူကတော့ ရေစိုးချောင်းရွာက အသက် ၁၉ နှစ်အရွယ် မနှင်းအိခိုင်ဖြစ်ပြီး ရင်ဘတ်မှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ကာ ခရုချောင်းရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်ဦးသိန်းဝင်းသိန်းရဲ့ ညာဘက်တံတောင်ဆစ်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
မနှင်းအိခိုင်ဟာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး စစ်ဘေးတိမ်းရှောင်နေတဲ့ အချိန်မှာပဲ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်လို့ မိဘတွေအနေနဲ့တော့ ရင်နာလို့မဆုံးဘူးလို့ ဆိုပါတယ်။
ရသေ့တောင်မြို့မှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံပြည်သူတယောက် ခြေထောက်တဖက် ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို ဇန်နဝါရီ ၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့အတွက် ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ညတွင်းချင်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဘက်က ဇန်နဝါရီ ၅ ရက် မနက် ၆ နာရီ နောက်ဆုံးထားပြီး ရွာသားတွေအနေနဲ့ ကွန်းတောင်ကျေးရွာကနေ ထွက်ခွာပေးဖို့နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။
ကွန်းတောင်ကျေးရွာမှာ အိမ်ခြေ ၇၆၀ လောက်နဲ့ လူဦးရေ ၅,၀၀၀ ကျော်လောက်ရှိပြီး တခြား အနီးပတ်ဝန်းကျင် ကျေးရွာတွေကပါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီခြိမ်းခြောက်မှုကြောင့် ကွန်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ ပဒေသာ၊ မက္ကလာကျ၊ တံဘက်လမ်း၊ ဝါဘို၊ အိုင်တင် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ကွန်းတောင်ကျေးရွာကို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်း၊ စစ်တွေမြို့နယ် ပါဒလိပ်အခြေစိုက် ခမရ ၃၄၄၊ ၂၃၂ တပ်ရင်းတွေက နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာအနီးပတ်ဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ကာ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။