လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ ပြန်လွတ်လာတဲ့ သာယာဝတီမြို့နယ်က နိုင်ငံရေးအကျဉ်းသား NLD လွှတ်တော်အမတ် ဦးအောင်မြင့်ကိုတော့ ရဲတပ်ဖွဲ့ကခေါ်သွားပြီး ဇန်နဝါရီ ၅ ရက် ဒီမနက် ၉ နာရီအထိ အိမ်ပြန်ရောက်မလာဘူးလို့ သာယာဝတီ NLD အသိုက်အဝန်းကနေ သိရပါတယ်။
သာယာဝတီထောင်ဝန်ထမ်းတဦးက “သူက သာမန်လွတ်ရက်က ဇန်နဝါရီလ ၆ ရက်နေ့ကို လွတ်ရမှာ။ အဲ့ဒါကို အခုလွတ်တဲ့အထဲကို ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ထောင်ကနေ ရဲတွေက လာခေါ်သွားတယ်။ ညနေလောက်ကျတော့ သူ့အိမ်ကလူတွေ လာစုံစမ်းကြတယ် ထောင်ကို။ သူ ညနေပိုင်းအထိ အိမ်ကိုရောက်မလာဘူးဆိုတော့ ထောင်ကတော့ တရားမဝင် ပြောပြ လိုက်ရတာပေါ့။ ရဲတွေလာခေါ်သွားတယ်ဆိုတော့ ရဲစခန်းမှာရှိလိမ့်မယ်လို့ ပြောလိုက်တယ်။ ပုံမှန်ဆိုရင် ရဲစခန်းမှာ ခဏလိုက်သွားပြီး လက်မှတ်ထိုးပြီးရင် အိမ်ကို ရဲစခန်းက တာဝန်ရှိသူက လိုက်ပို့ပေးရမှာ” လို့ ပြောပါတယ်။
သာယာဝတီမြို့နေ အန်အယ်လ်ဒီနဲ့ နီးစပ်သူတဦးက “မိသားစုတွေတော့ လိုက်စုံစမ်းနေကြတယ်။ သုံးဆယ်ရဲစခန်းမှာလည်း မရှိဘူး၊ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာလည်း မရှိဘူးတဲ့။ သူတို့တော့ လိုက်စုံစမ်းနေကြတုန်းပဲ။ လွှတ်တယ်ပြောပြီး ဘာလို့ ပြန်ဖမ်းထားတာလဲမသိ” လို့ ပြောပါတယ်။
ဦးအောင်မြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ကြိမ်လုံး ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
သူ့ကို ၂၀၂၁ ခု ဖေဖော်ဝါရီ ၁၀ ရက် ည ၁၂ နာရီက သူ့ရဲ့အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးလုပ်ကာ သာယာဝတီထောင် အထူးတရားရုံးကနေ သဘာဝဘေးပုဒ်မ ၂၅ နဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။ သူဟာ ပုံမှန်လွတ်ရက်နဲ့ဆိုရင် ဇန်နဝါရီ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
သာယာဝတီထောင်က လွတ်ရက်နီးတဲ့ အကျဉ်းသား ၁၅၀ ပြန်လည်လွှတ်ပေးခဲ့ပြီး အဲ့ဒီအထဲမှာ မှောင်ရိပ်ခိုမှု၊ ဆေးမှု၊ လိမ်လည်မှုနဲ့ ထောင်ကျသူတွေကိုသာလွှတ်ပေးပြီး လွတ်ဖို့ တလလောက် ပဲကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှမလွတ်ဘူးလို့ မြို့ခံ နိုင်ငံရေးအကျဉ်းသား ဟောင်းက ပြောပါတယ်။