ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ပြည်တော်သာမှတ်တိုင်အနီးရှိ အောင်ရိပ်သစ် လက်ဖက်ရည်ဆိုင်နဲ့ ၂ ထပ်အိမ်တလုံးမှာ ဇန်နဝါရီ ၄ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဟာ လက်ဖက်ရည်ဆိုင် မီးဖိုခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ဘေးဘက်ရှိ တိုက်ခံလူနေအိမ်တလုံးကိုပါ ထပ်မံကူးစက်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုနေရာကို အင်းစိန်မြို့နယ်မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပေမဲ့ မီးတောက်အား ကောင်းနေခဲ့လို့ ည ၉ နာရီ ၄၉ မိနစ်မှာ Level 1 ယာဉ်အုပ်စုတွေ ဆင့်ခေါ်ခဲ့ရပါတယ်။
အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူက “လူထိခိုက်မှုတော့ မရှိဘူး။ လက်ဖက်ရည်ဆိုင်ကနေ စတင်လောင်ကျွမ်းတာလို့ ကနဦးသိရပါတယ်။ လက်ဖက်ရည်ဆိုင်က တဝက်လောက်ပါသွားတယ်။ ဆိုင်က ငှားဖွင့်ထားတာ။ ဆိုင်အနောက်က အိမ်ရှင်ရဲ့ နှစ် ထပ်အိမ်တလုံးလည်း လောင်သွားတယ်။ လောလောဆယ်တော့ မီးကြွင်းမီးကျန်ကနေ လောင်တယ်လို့ပဲ ကြားရပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လက်ဖက်ရည်ဆိုင် အဆောက်အဦ တဝက်နီးပါး ပြိုကျပျက်စီးသွားတဲ့အပြင် ဘေးကပ်ရက်ရှိ ၂ ထပ်တိုက်ခံအိမ်တခုလုံး ပျက်စီးဆုံးရှုံးသွားပါတယ်။
အင်းစိန်မြို့နယ်နဲ့ ထိစပ်မြို့နယ်တို့က မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၁၀ နာရီ ၆ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။
ဇန်နဝါရီ ၄ ရက် တရက်တည်းမှာပဲ မြောက်ဥက္ကလာပ၊ လမ်းမတော်၊ မင်္ဂလာဒုံ၊ လှိုင်၊ အင်းစိန် စတဲ့ မြို့နယ်တွေမှာ မီးလောင်မှု ၅ ကြိမ် ဖြစ်ခဲ့ပြီး နေအိမ် ၆ လုံး၊ တိုက်ခန်း ၁ ခန်း၊ အဆောက်အဦ ၁ ခုနဲ့ ကား ၁ စီး ပျက်စီးခဲ့သလို အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က သိရပါတယ်။